ရာမို့စ်ကလည်း ဒီနေ့ညမှာ အသင်းအတွက် နောက်ဆုံးပွဲကို ပါဝင်ကစားတော့မှာပါ။

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်က သူ့အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ အဆိုပါ စပိန်ဂန္တဝင်နောက်ခံလူကြီးဟာ (၂၀၂၁) ခုနှစ်မှာ ပီအက်စ်ဂျီကို စတင်ရောက်ရှိလာခဲ့ပြီး အသင်းနဲ့အတူ ပြင်သစ်လီဂူးချန်ပီယံဆု (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။



သူ့ရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီဘက်ကလည်း စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ခြင်းမရှိပါဘူး။ ရာမို့စ်ဟာ ဒီနေ့ည ကစားမယ့် ကလာမောင့်နဲ့ ပြင်သစ်လီဂူးရာသီပိတ်ပွဲစဥ်မှာ ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲကို ကစားသွားမှာဖြစ်ပြီး မက်ဆီနည်းတူ ပီအက်စ်ဂျီ အသင်းကို နှုတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

တွစ်တာကတစ်ဆင့် ရာမို့စ်က “ကလာမောင့်နဲ့ပွဲက တကယ်ကို ထူးခြားခမ်းနားတဲ့ နေ့ရက်တစ်ရက်ဖြစ်လာမှာပါ။ ကျွန်တော်ရဲ့ ဘဝအဆင့်တစ်ခုကို နှုတ်ဆက်တော့မှာဖြစ်ပြီး ပီအက်စ်ဂျီကိုလည်း နှုတ်ဆက်ကြောင်း ပြောကြားလိုပါတယ်။ အိမ်လို့ ခံစားစေရတဲ့နေရာ ဘယ်လောက်ရှိလဲ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီမှာ၊ ပရိသတ်တွေ၊ ပဲရစ်မြို့နဲ့အတူ ကျွန်တော့်အတွက် အိမ်လို့ ခံစားခဲ့ရတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး” လို့ ရေးသားသွားခဲ့ပါတယ်။

အသက် (၃၇) နှစ်အရွယ် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့တဲ့နောက် ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့်လည်း သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘဝက ထင်သလောက် အဆင်မပြေခဲ့ဘဲ ဒဏ်ရာပြဿနာတွေနဲ့ပဲ ရုန်းကန်ခဲ့ရတာကြောင့် အသင်းရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံရမယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

ပီအက်စ်ဂျီကလည်း “ရာမို့စ်အနေနဲ့ အသင်းအတွက် ခံယူချက်အပြည့်နဲ့ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာကို ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ကစားသမားဘဝမှာ အကောင်းဆုံးတွေဖြစ်ဖို့ ဆုတောင်းပေးပါတယ်” လို့ အသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကတစ်ဆင့် ရေးသားပြီး ရာမို့စ်ကို ပြန်လည်နှုတ်ဆက်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က