တစ်ကယ်လို့ မိမိက ကြက်ဥအကာချည်း (၈)လုံးလောက်စားထားရင်တော့ ကြက်သား (၁၀၀) ဂရမ်စားတဲ့သူထက် အာဟာရဓာတ် ပိုမိုကောင်းမွန်စွာ ရရှိနိုင်ပါတယ်။

ကြက်ဥအကာက အကောင်းဆုံးသော ပရိုတင်းထဲမှာပါဝင်ပြီး အခြား ဝက်သား၊ အမဲသားစတဲ့ အသားကြီးတွေထက်ကို ကြက်ဥအကာမှာ ပိုမိုကောင်းမွန်တဲ့ ပရိုတင်းဓာတ်ပါဝင်တယ်လို့ အာဟာရပညာရပ်တွေမှာ ဖော်ပြပါတယ်။

Photo: Eggs.Org



ကျန်းမာနေဖို့ အထူးလိုအပ်တဲ့ ကိုဗစ်ကာလမှာ ကြက်ဥနဲ့ ကြက်သားကတော့ ပုံမှန်ထက်ကို စားသုံးမှုပိုများခဲ့ကြပါတယ်။ ကြက်ဥနဲ့ ကြက်သားကို ဘာကြောင့် ပိုစားလာကြတာလဲ။ ကြက်ဥနဲ့ ကြက်သား ဘယ်ဟာက အာဟာရဓာတ်ပိုရှိနိုင်သလဲ Duwun ကနေ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

Photo: Miss Tam

ပရိုတင်းဓာတ်ရဖို့ ကြက်ဥနဲ့ ကြက်သား ဘယ်ဟာစားမလဲ

လူတစ်ယောက်ဟာ ကိုလက်စထရောတက်နေတဲ့အပြင် အသားဓာတ်ကလည်း နည်းနေတယ်ဆိုရင် ကြက်ဥအကာကို အဓိက ကျွေးရမှာဖြစ်တယ်လို့ အာဟာရဆရာဝန် ဒေါက်တာညီညီကျော်က အကြံပြုပြောပါတယ်။ ဒါပေမယ့် ကြက်ဥချည်းပဲ စားနေရင် ရိုးအီလာရင်တော့ ကြက်သားကျွေးလို့ရပါတယ်။ ကြက်သားစားတဲ့အခါ အသားချည်းသီးသန့်စားရမှာဖြစ်ပြီး ကိုလက်စထရောများစေတဲ့ အရေခွံ၊ တောင်ပံ၊ ခေါင်း၊ ခြေထောက်၊ ဖင်ဆီဘူးစတာတွေ မစားသင့်ဘူးလို့ ဒေါက်တာညီညီကျော်က ဆိုပါတယ်။

ဒါကြောင့်မို့ ပရိုတင်းဓာတ်နည်းနေတဲ့သူဆိုရင် အဓိက ကြက်ဥအကာကိုစားပါ။ ဒါပေမယ့် ကြက်ဥအကာ နေ့တိုင်းစားရင် ငြီးငွေ့နိုင်တဲ့အတွက် ပဲ ၊ ကြက်သား (အသား)၊ ငါးတွေကို ပြောင်းလဲစားသုံးနိင်ပါတယ်။

Photo: Taste of Home

ကြက်သားနဲ့ ကြက်ဥ ကွာခြားတဲ့အချက်

ကြက်သားနဲ့ ကြက်ဥမှာ ကွာခြားတဲ့အချက်တွေ ရှိပါတယ်။ ကြက်ဥက အနှစ်ရောအကာပါ စားမယ်ဆိုရင် ကိုလက်စထရော များနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဥအကာချည်းပဲစားမယ်ဆိုရင်တော့ ကိုလက်စထရောမပါဘဲ ကျန်းမာရေးအတွက် အင်မတန်မှကောင်းမွန်ပါတယ်။ ကြက်သားကတော့ အရေခွံတွေ၊ ဖင်ဆီဘူးတွေ ထည့်စားမယ်ဆိုရင်တော့ ကိုလက်စထရော အဆီဓာတ်တွေ များတတ်တယ်လို့ အာဟာရဆရာဝန်ဒေါက်တာညီညီကျော်က ပြောပါတယ်။

ကိုလက်စထရောများရခြင်းမှာ ကြက်သားမှာပါဝင်တဲ့ အရေခွံတွေ၊ ဖင်ဆီဗူးတွေကြောင့် ဖြစ်ပြီး ဝက်သား၊ ဆိတ်သား၊ အမဲသား စတဲ့ အနီရောင်ရှိတဲ့ အသားတွေဟာလည်း ကိုလက်စထရောများစေတဲ့ အသားတွေဖြစ်ပါတယ်။

အနီရောင်ရှိတဲ့အသားတွေဟာ အဖြူရောင်ရှိတဲ့အသားတွေထက် ကိုလက်စထရောများပြီး အနီရောင်အသားတွေကို တစ်ပတ်မှာ နှစ်ရက်ထက် ပိုမစားသင့်ပါဘူး။

Photo: Healthline

ကြက်ဥနဲ့ ကြက်သား ဘယ်ဟာအာဟာရပိုရှိနိုင်သလဲ

အဓိကကတော့ စားတဲ့ပမာဏပေါ်မူတည်ပါတယ်။ ကြက်ဥအကာလေးတစ်လုံးစားပြီးတော့ ကြက်သားတစ်ပေါင်စားတဲ့လူနဲ့ ယှဉ်လို့မရပါဘူး။ စားတဲ့ပမာဏအနည်းအများ၊ အရည်အသွေးပေါ်မူတည်တာဖြစ်ပါတယ်။ ကြက်ဥအကာမှာပါဝင်တဲ့ အရည်အသွေးနဲ့ ကြက်သားမှာပါဝင်တဲ့ အရည်အသွေးကို နှိုင်းယှဉ်ကြည့်ရမှာပါ။

ဥပမာ- ကြက်သား (၁၀၀) ဂရမ်စားမယ်ဆိုရင် ပရိုတင်းက (၃၀) ဂရမ်လောက်ရရှိပါတယ်။ ကြက်ဥအကာတစ်လုံးစားမယ်ဆိုရင် ပရိုတင်းက (၄) ဂရမ်လောက်ရပါတယ်။ ကြက်ဥအကာတစ်လုံးမှာပါတဲ့ ပရိုတင်း (၄)ဂရမ်ဟာ အရည်အသွေးပိုမိုကောင်းမွန်တယ်လို့ ဆိုရပေမယ့်လည်း ကြက်ဥ (၂) လုံးလောက်စားပြီးတော့ ကြက်သား (၁၀၀) ဂရမ်စားထားတဲ့သူ ရရှိမယ့် ပရိုတင်းဓာတ်နဲ့တော့ ယှဉ်လို့ မရနိုင်ပါဘူး။

တကယ်လို့ မိမိက ကြက်ဥအကာချည်း (၈)လုံးလောက်စားထားရင်တော့ ကြက်သား (၁၀၀) ဂရမ်စားတဲ့သူထက် အာဟာရဓာတ် ပိုမိုကောင်းမွန်စွာ ရရှိနိုင်ပါတယ်။

ဒါကြောင့် ကြက်သားနဲ့ကြက်ဥကို ဘယ်ဟာ အာဟာရပိုရှိ၊ မရှိ သေချာဆန်းစစ်ကြည့်မယ်ဆိုရင်တော့ ကြက်ဥက အာဟာရပိုရှိပါတယ်။ ဒါပေမယ့် မိမိစားတဲ့ပမာဏက နည်းနည်းလေးပဲဆိုရင်တော့ ကြက်ဥက အာဟာရရှိတယ်လို့ ပြောလို့မရပါဘူး။ ပမာဏများများဝင်မှသာ အာဟာရဓာတ်ပိုရှိမှာဖြစ်ပါတယ်။

ဒါကြောင့် အာဟာရဓာတ်ရဖို့အတွက်ဆို ကြက်ဥနဲ့ ကြက်သားကို မျှမျှတတပဲ စားသုံးဖို့ လိုအပ်ပါတယ်။

Photo: Mr.Food

ကြက်ဥနဲ့ကြက်သားမှာပါဝင်တဲ့ ဓာတ်များ

ကြက်ဥနဲ့ ကြက်သားလို့ ပြောလိုက်ရင်တော့ အဓိကက ပရိုတင်းဓာတ်အများဆုံးပါဝင်တာပါ။ နောက်တစ်ခုကတော့ ကြက်ဥနဲ့ ကြက်သား အဆီဓာတ်အများဆုံးပါဝင်တယ်။ ကြက်ဥမှာ အကာပဲစားရင် အဆီဓာတ်သိပ်မပါဘူးဆိုပေမယ့် အနှစ်မှာတော့အဆီဓာတ် ပါဝင်နေပါတယ်။

ကြက်သားဆိုရင်လည်း အသားဆိုရင် ပရိုတင်းဓာတ်ဖြစ်စေပြီးတော့ အရေခွံ၊ ဆီဗူး၊ တောင်ပံတွေကတော့ အဆီဓာတ်ဖြစ်ပါတယ်။

ဒါပေမယ့် ကြက်ဥရောကြက်သားမှာပါ ကာဗွန်ဟိုက်ဒြိတ်မပါဝင်ပါဘူး။ အဓိကကတော့ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဇင့် စတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကိုလည်း တွေ့ရပါတယ်။

Photo: Very Well Family

ကြက်ဥနဲ့ကြက်သားစားခြင်းကြောင့် အကျိုးကျေးဇူး

အသားဓာတ်ရတဲ့အတွက် ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးစေပါတယ်။ ရောဂါဘယတွေကိုလည်း တစ်ဖက်တစ်လှမ်းကနေ ကာကွယ်ပေးပြီး အခုလို ကိုဗစ်ကာလမှာပရိုတင်းဓာတ်ပါဝင်တဲ့အစားအစာတွေကို စားပေးထားမယ်ဆိုရင် ရောဂါကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရရှိပါတယ်။

ကြက်ဥနဲ့ကြက်သားဘယ်လိုချက်ပြုတ်မလဲ

ကြက်ဥတို့ ကြက်သားတို့ဆိုတာ ချက်ရပြုတ်ရတာလည်း လွယ်ကူပြီး ပရိုတင်းဓာတ်လည်း အလွယ်တကူရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဥ၊ကြက်သားစားမယ်ဆိုရင် ကြက်ဥဆို အပြုတ်၊ ကြက်သားဆို စွတ်ပြုတ်သောက်လိုက်မှသာ အာဟာရရှိတယ်လို့ ထင်ကြတာပါ။ တကယ်တော့ ကြက်ဥနဲ့ ကြက်သားကို ဘယ်လိုနည်းနဲ့ မဆို ချက်ပြုတ်လို့ရပါတယ်။ အဓိကကတော့ ကြက်ဥစားတယ်ဆိုရင် ကြက်ဥရဲ့ အာဟာရ ခန္ဓာကိုယ်ထဲ ဝင်ဖို့ လိုအပ်ပြီး ကြက်သားစားတယ်ဆိုရင်လည်း ကြက်သားဖတ် ခန္ဓာကိုယ်ထဲဝင်သွားဖို့သာ လိုအပ်ပါတယ်။

ဒါကြောက် ကြက်သားကို ကြက်စွပ်ပြုတ်ချည်းပဲ သောက်နေရလို့ ငြီးငွေ့နေတယ်ဆိုရင် တုံယမ်းဟင်းချို၊ ယိုးဒယားဟင်းချို၊ ကြက်ချိုချဉ်၊ ကြက်သားဆီပြန်၊ ကြက်ကင်၊ ကြက်ကုန်းဘောင် စတဲ့စားလို့ကောင်းအောင် ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ကြက်ဥဆိုလည်း ကြက်ဥပြုတ်ချည်းပဲစားနေရလို့ ငြီးငွေ့နေတယ်ဆိုပါက ကြက်ဥပေါင်း၊ ကြက်ဥဟင်း၊ ကြက်ဥချိစ်နဲ့ကြော် ၊ ကြက်ဥပူတင်း စသဖြင့် နည်းလမ်းမျိုးစုံ ချက်ပြုတ်စားသောက်နိုင်တယ်လို့ အာဟာရ ဆရာဝန်ဒေါက်တာ ညီညီကျော်က အကြံပြုပြောဆိုပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို Dr. Nutrition Page မှ အာဟာရဆရာဝန်ဒေါက်တာညီညီကျော်က ဝေမျှအကြံပြုထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က