မက်ဂွိုင်းယားရဲ့ အမှားတွေက စိတ်ပျက်စရာကို ကောင်းလွန်းပါတယ်။

တန်ဟက်ဂျ်ရဲ့ ယူနိုက်တက်ကတော့ ယူရိုပါလိဂ်မှာ ဆီဗီလာကို အရေးနိမ့်ပြီး ထွက်လိုက်ရပါပြီ။ ပထမအကျော့က ၂-၂ သရေကျခဲ့ပြီး ဆီဗီလာကွင်းမှာ ၃-၀ နဲ့ အရေးနိမ့်ကာ ထွက်ခွာခဲ့ရတာပါ။ အဓိကကစားသမားတချို့ ဒဏ်ရာ/ပွဲပယ်ပြသနာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ အားနည်းချက်တွေ အများအပြားရှိနေခဲ့ပြီး မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ရဲ့ အမှားတွေ လုပ်ခဲ့မှုကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ 



ပွဲအစ ၈ မိနစ်မှာကတည်းက ဒီဂီယာနဲ့ မက်ဂွိုင်းယားတို့ အပေးအယူလုပ်ခဲ့ရင်း မက်ဂွိုင်းယားက ဘောလုံးပြန်ပေးတာ ပြိုင်ဘက်ကစားသမားနဲ့ ညိသွားခဲ့လို့ ဂိုးပေးလိုက်ရပါတယ်။ တပွဲလုံးမှာ ဆီဗီလာက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ယူနိုက်တက်ကတော့ ဘာဆိုဘာမှကိုမလုပ်ပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရကာ ပွဲချိန် မိနစ် ၂၀ လောက်ကတည်းက အဖြေထွက်နေခဲ့တဲ့ ပွဲမျိုးဖြစ်ပါတယ်။ 



ဒုတိယပိုင်းမှာ ဆီဗီလာက ၂ ဂိုးထပ်သွင်းပြီး နောက်ဆုံးဂိုးမှာ ဒီဂီယာရဲ့ လွဲချော်မှုကနေ ဂိုးပေးလိုက်ရတာလည်း တော်တော်လေးဆိုးဆိုးဝါးဝါးပါပဲ။ မက်ဂွိုင်းယားကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ ကစားသမားဖြစ်ခဲ့ပြီး သူ့အမှားတွေက ခွင့်လွှတ်လို့မရအောင် ဖြစ်နေခဲ့ကာ ယူနိုက်တက်မှာ ဆက်ကစားခွင့်ရဖို့တောင်မှ မရှိသင့်တော့တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ 

တန်ဟက်ဂျ်အတွက်တော့ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်ဆိုတာကို မြင်တွေ့ခဲ့ရတာပါပဲ။ သူ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရဲ့ အရည်အသွေးကို ပရိသတ်တွေလည်း ပိုသိလာခဲ့ရပြီး လာမယ့်ရာသီမှာ အကြီးစားပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ ဟိုနေရာဖြည့်၊ ဒီနေရာဖြည့်လောက်နဲ့ပဲ ဆက်သွားနေဦးမယ်ဆိုရင်တော့ ဒီလိုမျိုးပဲ ဖြစ်နေဦးမှာပါပဲ။ 

ဆီဗီလာကတော့ နှစ်ကျော့ပေါင်းရလဒ် ၅-၂ န​ဲ့ အနိုင်ရကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ရိုးမား၊ လေဗာကူဆင်၊ ဂျူဗင်တပ်စ်တို့လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ကာ ယူရိုပါလိဂ်မှာလည်း အီတလီနှစ်သင်း၊ ချန်ပီယံလိဂ်မှာလည်း အီတလီနှစ်သင်းအထိ ရှိနေကာ စီးရီးအေရဲ့ ခေါင်းပြန်ထောင်လာမှုကို မြင်တွေ့နေရပါပြီ။ 

Share

Loading Next Article...
က္က