သဘင်သည်တွေအများစု ကြုံတွေ့ခဲ့ရသလိုပဲ သဘင်အနုပညာရှင် လူရွှင်တော်တစ်ဦး ဖြစ်တဲ့ ဦးဥသြကလည်း ခက်ခဲလှတဲ့ဘဝကို ဖြတ်သန်းပြီး အဆင်ပြေချောင်လည်တဲ့ ဘဝတစ်ခုရရှိအောင် ကြိုးစားခဲ့ရပုံကို ပြောပြလာတာပါ။
အခုဆိုရင် လျှပ်စစ်ပစ္စည်းရောင်းချတဲ့ဆိုင်လေး ဖွင့်ထားပြီး ဘဝကို အေးအေးချမ်းချမ်းနေနိုင်နေပြီဖြစ်တဲ့ လူရွှင်တော်ဦးဥသြဟာ ငယ်စဥ်အခါကတော့ လောကဒဏ် ရိုက်ချက်များစွာနဲ့ ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရသူပါ။ ဇနီးသည်ဖြစ်သူနဲ့အတူ ဘဝကို ရုန်းကန်ပြီး ခြိုးခြံချွေတာ စုဆောင်းခဲ့ရပါတယ်။
" ဦးတို့ငယ်ငယ်က လက်ဖက်ရည်တစ်ခွက်ကို နို့ဆီခွက် တစ်ခွက်ရရင် တစ်နေ့လုံးမှ လင်မယားနှစ်ယောက် တစ်ယောက်တစ်ငုံစီနဲ့ တစ်ခွက်ပဲ သောက်တယ်။ ကြက်သားဟင်းချက်စားရင်တောင် သူတစ်တုံး ကိုယ်တစ်တုံး ပဲစားတာ။ ကြက်သား ၂၅ ကျပ်သားကို ငရုတ်သီးနဲ့ကြော်၊ ဘူးထဲထည့် ပြီး နှစ်ယောက်လုံး တစ်ပတ်ကျော်အောင် စားတယ်။ ဟင်းရည်လေးနဲ့ ငပိရည် တို့စရာလေးနဲ့ စားခဲ့တာ။ မိသားစုတစ်စုက ဝင်ငွေထက် ထွက်ငွေ မကြမ်းရင် အဲဒီမိသားစုက ပြေလည်တာပေါ့။ အဲ့ဒါကြောင့်မိသားစုတစ်စုက အကြောင်းမဲ့မဆင်းရဲဘူ၊ အကြောင်းမဲ့ မချမ်းသာဘူး။ ဆင်းရဲတဲ့ အကြောင်းအရင်းက မိမိဝင်ငွေထက် ထွက်ငွေက ပိုများနေလို့ ဆင်းရဲတာ" လို့ ခက်ခက်ခဲခဲ နဲ့ ချွေတာ စားသောက်ခဲ့ရတဲ့အကြောင်းကို ဖြေကြားလာပါတယ်။
အနုပညာသမားတွေရဲ့ ဝင်ငွေက အဖတ်မတင်၊ အချိန်တန် စားစားသောက်သောက်နဲ့ ကုန်သွားရတယ်ဆိုတဲ့ စကားရပ်တွေ အပေါ်ကို လည်း ဦးဥသြ တစ်ယောက် စိတ်နာပြီး ကြိုးစားခဲ့လို့ အခုဆိုရင် ကိုယ်ပိုင် စီးပွားရေးလေးနဲ့ ချောင်ချောင်လည်လည် နေထိုင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
"တို့အနုပညာ လောကမှာအားလုံးက ပြောကြတယ် 'လှေဦးစို စိုတုန်း လှေဦး ခြောက် ခြောက်တုန်း' ဆိုပြီးတော့ အဲဒီစကားကို ဦးကတော့ ဆဲတာထက် နာတယ်။ ရတုန်းတခိုက်ပါကွာ။ အဲ့ဒီ့ စကားပုံကနေမှ ငါ တော့လုပ်ရမယ်ကွ ဆိုပြီး ငါတို့မိသားစု ငါလူရွှင်တော် လှေဦးစို စိုတုန်း လှေဦးခြောက် ခြောက်တုန်းဘဝ က နေ လွတ်တဲ့အထဲ ငါပါရမယ်ဆိုပြီးတော့ ဦးဇနီးနဲ့ အိမ်ထောင်ကျကတည်းက စပြီး မွေးခဲ့တာပဲ" လို့ပြောပါတယ်။
အခုလို ပြေပြေလည်လည်နေနိုင်တာက ဇနီးဖြစ်သူရဲ့ စုဆောင်းတတ်မှုကြောင့်လို့ ချီးကျူးစကားဆိုပါတယ်။ ဇနီးမောင်နှံနှစ်ဦးက ရသမျှကို ချွေတာစုဆောင်းရင်း ဆိုက်ကားတွေဝယ်ပြီး အငှားချကာ ဝင်ငွေတိုးအောင်လည်း လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"ဆိုက်ကားအစီး ၃၅ စီး ထောင်လိုက်သေးတယ်။ အဲဒီကနေ အမြတ်လေး တွေ စုပြီးတော့ အခုလို အဆင်ပြေတဲ့ အခြေအနေကိုရောက်လာခဲ့တာ။ အပင်ပန်းခံထားမှ ဘဝက။ အဲ့ဒါ တွေ မတိုင်ခင် ရေလှည်းတွန်းခဲ့တဲ့ ဘဝတွေကိုလည်း ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့မှာ ငါ ကိုယ်ပိုင်ကားနဲ့ ကိုယ်ပိုင်တိုက်နဲ့ နေနိုင်ရမယ်။ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးတော့ ရပ်တည်နိုင်ရမယ် ဆိုပြီး ဟိုးသုည ဘဝ အစကတည်းက အဲဒီစိတ်ကိုမွေးထားခဲ့တာ။ ဖြစ်အောင်လုပ်တယ်။" လို့ဦးဥသြက ပြောပြခဲ့ပါတယ်။
လူရွှင်တော်သရုပ်ဆောင် ဦးဥသြက ၁၈နှစ်သား ဘဝကစလို့ ဇာတ်သဘင်လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ပုလဲစိန် ဇာတ်ကနေ ဇာတ်ကို စပြီး ကပြခဲ့တာလို့ လည်းသိရပါတယ်။ အခုဆိုရင် အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ဝါရင့်လူရွှင်တော် သရုပ်ဆောင်ကြီးတစ်ဦးဖြစ်လာခဲ့ပြီး ဇနီးနဲ့အတူ သားသမီး နှစ်ဦးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေပါတယ်။