ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး ခန့်မှန်းချက်များစွာရှိပေမဲ့ တိကျသေချာတဲ့ အဖြေတွေကတော့ အလွန်နည်းပါသေးတယ်

ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့နေရဆဲမှာ နောက်ထပ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့သတင်းက လှုပ်လှုပ်ခတ်ခတ် ထွက်ပေါ်လာခဲ့ပါတယ်။

(Photo: PA Media)

အဆိုပါ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို တောင်အာဖရိကရှိ ပြည်နယ်တစ်ခုမှာသာ အများစု တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ ဘယ်လောက် ကူးစက်ပျံ့နှံ့မှုရှိလဲ၊ ကာကွယ်ဆေးထိုးထားသူအချို့မှာ ကူးစက်နိုင်မှုအခြေအနေနဲ့ ထိုဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘာလုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေ ချက်ချင်းရှိလာခဲ့ပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်အသစ်နဲ့ပတ်သက်ပြီး ခန့်မှန်းချက်များစွာရှိပေမဲ့ တိကျသေချာတဲ့ အဖြေတွေကတော့ အလွန်နည်းပါသေးတယ်။



ဒီ ဗီဇပြောင်းဗိုင်းရပ်စ်က ကျွန်တော်တို့ကို အံ့အားသင့်စေပါတယ်၊ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တဲ့ ဗီဇပြောင်းလဲမှုတွေထက် အများကြီးပိုပါတယ်၊ ကြီးမားတဲ့ ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဥ်ပါ

ယခုနောက်ဆုံး တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ကို B.1.1.529 လို့ခေါ်ဝေါ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အယ်လ်ဖာ (Alpha) နဲ့ ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ်တွေကဲ့သို့ပင် နိုဝင်ဘာ ၂၆ ရက်မှာ အိုမစ်ခရွန် (Omicron) လို့ အမည်ပေးခဲ့ပါတယ်။ WHO က အိုမစ်ခရွန်ဗိုင်းရပ်စ်သစ်ကို 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်လိုက်ပါတယ်။

အလွန်ကြီးမားတဲ့ ဗီဇပြောင်းလဲမှုတွေရှိတဲ့ ဗိုင်းရပ်စ်အသစ်

တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ဟာ အလွန်ကြီးမားစွာ ပြောင်းလဲမှုရှိတဲ့ ဗိုင်းရပ်စ်အသစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုဗိုင်းရပ်စ်ဟာ ပုံမှန်မဟုတ်တဲ့ ဗီဇပြောင်းလဲမှုများရှိကြောင်းနဲ့ ကမ္ဘာမှာ ပျံ့နှံ့နေခဲ့တဲ့ အခြား ဗီဇပြောင်းဗိုင်းရပ်စ်တွေနဲ့ အလွန်ကွဲပြားခြားနားကြောင်း တောင်အာဖရိကရှိ Centre for Epidemic Response and Innovation ရဲ့ ညွှန်ကြား‌ရေးမှူး ပါမောက္ခ Tulio de Oliveira က ပြောပါတယ်။

"ဒီ ဗီဇပြောင်းဗိုင်းရပ်စ်က ကျွန်တော်တို့ကို အံ့အားသင့်စေပါတယ်၊ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တဲ့ ဗီဇပြောင်းလဲမှုတွေထက် အများကြီးပိုပါတယ်၊ ကြီးမားတဲ့ ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဥ်ပါ" လို့ ၎င်းကဆိုပါတယ်။ B.1.1.529 ဗိုင်းရပ်စ်အသစ်မှာ ဗီဇပြောင်းမှု စုစုပေါင်း ၅၀ ရှိပြီး ၃၀ ကျော်ဟာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်းသို့ ဝင်ရောက်ရာမှာ အသုံးပြုတဲ့ spike protein ပြောင်းလဲမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

COVID-19 ကာကွယ်ဆေးအများစုဟာ spike protein ကို ပစ်မှတ်ထားခြင်းလည်း ဖြစ်ပါတယ်။ ဗီဇပြောင်းလဲမှုအဆင့်ဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းမရှိတဲ့ လူနာတစ်ဦးတည်းထံမှ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် ဗီဇပြောင်းလဲမှုများစွာဟာ ပိုဆိုးလာတယ်လို့ မဆိုလိုကြောင်းနဲ့ ထိုဗီဇပြောင်းလဲမှုတွေ အမှန်တစ်ကယ် လုပ်ဆောင်နေတာကို သိရှိရန် အရေးကြီးကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

သို့သော် ယခုဗိုင်းရပ်စ်အသစ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ပထမဆုံးတွေ့ရှိခဲ့ရတဲ့ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ သိသိသာသာ ကွဲပြားခြားနားနေခြင်းက စိုးရိမ်စရာ ဖြစ်လာပါတယ်။ ထိုအခြေအနေအရ မူလဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ ယခုဗိုင်းရပ်စ်အတွက် ထိရောက်မှုမရှိနိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဓာတ်ခွဲခန်းမှာ သိပ္ပံနည်းကျလေ့လာမှုတွေကနေ ဗိုင်းရပ်စ်အသစ်အကြောင်း ပိုမိုရှင်းလင်းတိကျတဲ့ အဖြေထွက်လာမှာဖြစ်ပေမဲ့ တစ်ကယ့်မြေပြင်မှာ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေကို စောင့်ကြည့်နေခြင်းကနေ ပိုမြန်တဲ့ အဖြေတွေထွက်လာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရှင်းလင်းတိကျတဲ့ ကောက်ချက်ဆွဲရန် စောနေသေးပေမဲ့ ဗိုင်းရပ်စ်အသစ်က စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ လက္ခဏာများ ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

ယခုအထိ ဗီဇပြောင်းဗိုင်းရပ်စ်အသစ် B.1.1.529 ကူးစက်ခံရမှုများအဖြစ် တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ်မှာ ၇၇ ခု၊ ဘော့ဆွာနာနိုင်ငံမှာ ၄ ခုနဲ့ ဟောင်ကောင်မှာ ၁ ခု (တောင်အာဖရိကမှ ခရီးလာရောက်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေ) တွေ့ရှိအတည်ပြုထားပါတယ်။ သို့သော် ဗီဇပြောင်းဗိုင်းရပ်စ်အသစ်ဟာ ပိုမိုကျယ်ပြန့်စွာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ သဲလွန်စတွေရှိကြောင်းနဲ့ ပိုမိုကူးစက်မြန်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

WHO က ဗိုင်းရပ်စ်သစ်ကို နိုဝင်ဘာ ၂၆ ရက်မှာ အိုမစ်ခရွန်လို့ အမည်ပေးပြီး 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ခဲ့ပါတယ်

တောင်အာဖရိကမှာ ဗိုင်းရပ်စ်အသစ်တွေ့ရှိရတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက အာဖရိကတိုက်ရှိ ဘော့ဆွာနာ၊ အက်စ်ဝါတီနီ၊ လီဆိုသို၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေ နိုင်ငံများမှ ဝင်ရောက်လာမယ့် ခရီးသွားတွေကို ကျန်းမာရေးစည်းမျဥ်းကန့်သတ်ချက်များ တင်းကျပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က