ယနေ့ည လီဗာပူးလ်နဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားသွားမယ့် မာဆေးဆိုဒ် ဒါဘီပွဲစဉ်အတွက် VAR ဒိုင်လူကြီးအဖြစ် တာဝန်ပေးထားတဲ့ ဂျွန် ဘရွတ်ခ်စ်ကို ဖယ်ရှားလိုက်တယ်လို့ ပွဲမကစားခင် နာရီပိုင်းအလိုမှာ အပြောင်းအလဲကို အတည်ပြုခဲ့ပါတယ်။
ဂျွန် ဘရွတ်ခ်စ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့ပြီးနောက် တာဝန်ကနေ အနားပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဘရွတ်ခ်စ်ဟာ ဘရိုက်တန်အတွက် အနိုင်ဂိုး ဖြစ်လာမယ့် အက်စတူပီနန်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် ပယ်ဖျက်ခဲ့တာဖြစ်ပြီး ဒိုင်အရာရှိချုပ်ဖြစ်တဲ့ ဟောင်းဝက် ဝက်ဘ်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းကို လူသိရှင်ကြား တောင်းပန်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယနေ့ည ယှဉ်ပြိုင်ကစားသွားမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်အတွက် VAR တာဝန်ပေးအပ်ခံထားရမှုကနေ ဘရွတ်ခ်စ်ကို ဖယ်ရှာလိုက်ပြီဖြစ်သလို ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ဖလားအဆုံးအဖြတ်တိုက်ပွဲကိုလည်း တာဝန်ပေးအပ်ခြင်းခံရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
Mirror သတင်းထောက် ဂျွန် ခရော့စ်က အပြောင်းအလဲကို တွစ်တာလူမှုကွန်ရက်ကနေ အတည်ပြုခဲ့တာဖြစ်ပြီး "PGMOL က ဒီနေ့ည လီဗာပူးလ်နဲ့ အဲဗာတန်ပွဲနဲ့ ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲ ၂ ပွဲစလုံးအတွက် VAR ဒိုင်လူကြီးတာဝန်ကနေ ဂျွန် ဘရွတ်ခ်စ်ကို ဖယ်ရှားလိုက်ပါတယ်"
"အန်ဒရီ မာရီနာနဲ့ ဒေးဗစ် ကုထ်တ်တို့က ဒီနေ့ညနဲ့ ဗုဒ္ဓဟူးနေ့ညတို့မှာ သူ့နေရာမှာ အသီးသီး VAR တာဝန်တွေ ပေးအပ်ခြင်းခံခဲ့ရတယ်လို့ ယူဆရပါတယ်။ တခြား တာဝန်ပေးအပ်မှုတွေကို မနက်ဖြန်မှာ ကြေညာသွားမှာပါ"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။