(Photo: @KateABC7/Twitter)
မြောက်ပိုင်းကယ်လီဖိုးနီးယားမှ အသက် ၈ နှစ်အရွယ် Leia Carrico နဲ့ အသက် ၅ နှစ်အရွယ် Caroline တို့ ညီအစ်မဟာ မိုးများပြီး အေးစက်နေတဲ့ သစ်တောထဲမှာ ၄၄ နာရီကြာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ကို သစ်တောထဲရှိ အပင်ပုတစ်ပင်အောက်မှာ တစ်ဦးနဲ့တစ်ဦး ပူးကပ်နေလျက် တွေ့ခဲ့ရပါတယ်။
ညီအစ်မနှစ်ဦးဟာ ဘယ်ရီသီးအပင်ရဲ့ အရွက်များမှကျလာတဲ့ ရေကိုသောက်ပြီး အိမ်မှထွက်လာစဉ် ယူဆောင်လာခဲ့ကြတဲ့ မုန့်အချို့ကိုစားပြီး အသက်ဆက်ခဲ့ကြတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။
(Photo: Humboldt County Sheriff's Office)
သစ်တောထဲမှာ နှစ်ရက်နီးပါးကြာ ပျောက်ဆုံးနေခဲ့တဲ့ ညီအစ်မနှစ်ဦးက စိတ်ပိုင်းဆိုင်ရာလည်း အခြေအနေကောင်းမွန်နေပြီး ၎င်းတို့ကို ပြန်ရှာတွေ့မှုဟာ မယုံနိုင်လောက် အံ့သြဖွယ်ရာဖြစ်တယ်လို့ Humboldt County ရဲတပ်ဖွဲ့အကြီးအကဲ William Honsal က ပြောခဲ့ပါတယ်။ ညီအစ်မနှစ်ဦးရဲ့ မိခင်ဖြစ်သူ Misty Carrico က သမီးတွေပျောက်နေကြောင်း သောကြာနေ့ (မတ်လ ၁ ရက်) မွန်းလွဲပိုင်းမှာ သတိပြုမိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။
ညီအစ်မနှစ်ဦးက Eel မြစ်အနီ Benhow ဒေသရှိ ၎င်းတို့နေအိမ်အနီး ပတ်ဝန်းကျင်နေရာမှာ လမ်းလျှောက်ထွက်နိုင်မလားလို့ မိခင်ကို မေးမြန်းခဲ့သေးရာ မိခင်ဖြစ်သူက ငြင်းပယ်ခဲ့တယ်လို့လည်း သိရပါတယ်။ သမီးနှစ်ဦး ပျောက်ဆုံးနေကြောင်း သတိပြုခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းမကြားမီ မိခင်ဖြစ်သူ Misty Carrico က အိမ်နီးချင်းများနဲ့ သူငယ်ချင်းများ အကူအညီနဲ့ လိုက်လံရှာဖွေခဲ့ကြပါတယ်။
(Photo: Humboldt County Sheriff's Office)
ထို့နောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ဒါဇင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးသမားတွေက ရဟတ်ယာဉ်များ၊ အနံ့ခံခွေးများ အသုံးပြုပြီး လိုက်လံရှာဖွေခဲ့ကြောင်း သိရပါတယ်။ ညီအစ်မနှစ်ဦးကို တနင်္ဂနွေနေ့ (မတ်လ ၃ ရက်) မနက်ပိုင်းမှာ ၎င်းတို့ ထွက်ခွာသွားခဲ့တဲ့နေရာမှ ၁.၄ မိုင်အကွာမှာ တောအုုပ်အတွင်း ပြန်ရှာတွေ့ခဲ့ကြပါတယ်။
ထိုတောအုပ်နေရာကို မိုးသက်မုန်တိုင်း မတိုက်ခတ်မီ နာရီပိုင်းအလိုမှာ ညီအစ်မနှစ်ဦးကို ပြန်ရှာတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ညီအစ်မနှစ်ဦးဟာ နေအိမ်ကနေထွက်လာခဲ့ပြီးနောက် သမင်တစ်ကောင်နောက်ကို လိုက်သွားခဲ့ရာမှ သစ်တောအတွင်း လမ်းပျောက်သွားခဲ့ပြီး ရောက်ရှိနေတဲ့နေရာမှာသာ နေကြရန်ဆုံးဖြတ်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေကို ပြောပါတယ်။
(Photo: Humboldt County Sheriff's Office)
သစ်တောထဲမှာ ပြန်ရှာတွေ့ခဲ့တဲ့ ညီအစ်မနှစ်ဦးဟာ မိဘတွေနဲ့ပြန်ဆုံခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ကြကြောင်းနဲ့ ၎င်းတို့နှစ်ဦးဟာ ရေဓာတ်ခမ်းခြောက်ပြီး အေးစက်နေခဲ့ကြတာကလွဲလို့ ကျန်းမာရေးကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။ "သူတို့တွေ ဘေးအန္တရာယ်ကင်းတယ်လို့ သိရတာက အရမ်းကို အံ့အားသင့်စရာပါပဲ၊ ဒီလိုမျိုး ပျောက်ဆုံးမှုတွေကို ရှာဖွေခဲ့ရတဲ့ ဖြစ်ရပ်အများကြီးရှိခဲ့ဖူးပြီး ကြေကွဲစရာတွေနဲ့ပဲ အဆုံးသတ်ခဲ့တာပါ" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲက ဖွင့်ဟပြောခဲ့ပါတယ်။