သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ဇဏ်ခီက သူ့ရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ခေတ်အဆက်ဆက် အမှုဖော်ထုတ်ရေး အင်မတန် အားနည်းခဲ့တယ်လို့ ဆိုပါတယ်။
Photo: Zenn Kyi
ဇဏ်ခီက သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ မုဒိမ်းမှု ကျူးလွန်သူတွေကလည်း လူတန်းစား အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။
‘’တကယ်တော့ သက်ငယ်မုဒိမ်းဆိုတာ ခေတ်အဆက်ဆက်ကရှိခဲ့ပါတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းမှာလည်းရှိတယ်။ (တော်တော်လဲ စက်ဆုတ်ရွံရှာဖို့ကောင်းပါတယ်။ သူ့ထက်ဆိုးတာကတော့ မုဒိမ်းကျင့်ပြီး လူပါသတ်သွားတာနဲ့ ကလေးငယ်တွေကိုသတ်ပြီး အတွင်းကလီစာတွေ ထုတ်ရောင်းတာတွေပေါ့။) ကျုးလွန်တဲ့သူတွေကို ကြည့်မယ်ဆိုရင်လဲ ဟိုးအောက်ခြေလူတန်းစားကနေ စာရိတ္တအမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ လောကုတ္တရာပုဂ္ဂိုလ်တွေအထိပါပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Zenn Kyi
ဥပဒေရေးရာ အားနည်းနေမှုတို့ကြောင့် မုဒိမ်းမှုနဲ့ပတ်သက်ပြီး ထိရောက်တဲ့ပြစ်ဒဏ် မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါကိုလည်း ပြည်သူတွေက ကောင်းကောင်းသိကြတယ်လို့ ဆိုပါတယ်။
‘’အခုခေတ်မှာ ပိုများကောင်းလည်းများလာနိုင်သလို Social Media Network တွေကြောင့် ပိုများသယောင်လည်း ဖြစ်နေနိုင်ပါတယ်။ အခုလတ်တလော အုံကြွမှုတွေဖြစ်နေတာကတော့ ရှင်းပါတယ်။ ခေတ်အဆက်ဆက်က ကျွန်တော်တို့နိုင်ငံမှာ အမှုဖော်ထုတ်ရေး အင်မတန် အားနည်းခဲ့တယ်။ အားနည်းနေဆဲ။ တရားဥပဒေစိုးမိုးရေးလည်း အင်မတန်အားနည်းတယ်။ ဥပဒေအထက်မှာနေနေတဲ့သူတွေရှိနေမြဲ။ ဒါတွေအားလုံးကိုပြည်သူ တွေကောင်းကောင်းသိကြတယ်’’ လို့ သူကပြောပါတယ်။
Photo: Zenn Kyi
အဲဒီနောက် အွန်လိုင်းစာမျက်နှာပေါ်တွေမှာ နာမည်ကြီးသွားတဲ့ အမှုတွေလည်း ရှိသလို၊ အမှုတောင်မဖြစ်လိုက်တဲ့ အရာတွေလည်း တော်တော်များများရှိနိုင်တယ်လို့ ဇဏ်ခီက ဆက်လက် ပြောပြထားပါတယ်။
‘’ထိုထိုသောအကြောင်းများကြောင့် အခု online ပေါ်ပြန့်နှံ့သွားတဲ့အမှုအတွက် အမှုမပေါ်မှာကိုကြောက်တဲ့စိတ်နဲ့ အားလုံးဝိုင်းကြည့် ဝိုင်းရေးနေကြတာပါ။ Online ပေါ်ပြန့်မသွားတဲ့ တစ်ခြားအမှုတွေ၊ အမှုတောင်မဖြစ်လိုက်တဲ့အဖြစ်တွေ ဘယ်လောက်များများလိုက်မလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ Rule of law မခိုင်တဲ့အတွက် လူတွေစိတ်မချနိုင်ဖြစ်နေကြပါတယ်။ တစ်နည်းအားဖြင့်လဲကောင်းပါတယ်။ ကိုင်တွယ်နေတဲ့သူတွေမပေါ့ရဲတော့ဘူးပေါ့။ ဒါပေမယ့် တစ်ခုရှိတာတော့ အမှုဟာစစ်ဆေးရေးကာလမှာပဲရှိနေသေးတဲ့အတွက် အစွတ်စွဲခံမိသားစုရဲ့ဂုဏ်သိက္ခာကိုထည့်တွက်ပြီး အမှုမှန်ပေါ်ပေါက်လာတဲ့အထိ သေချာပေါက်ကြီးတွေမပြောသေးပဲ သတိ ဝိရိယနဲ့ အားလုံးစောင့်ကြည့်ုသင့်ပါတယ်။
အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေ။ တရားဥပဒေလွှမ်းမိုးနိုင်ပါစေ’’ လို့ သူကဆိုပါတယ်။
Photo: Zenn Kyi
အခုချိန်မှာတော့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ပေးစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ အဲဒီအထဲမှာမှ ဇဏ်ခီလည်း တစ်ယောက် အပါအဝင်ပါ။ ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။