အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်အတွက် မရှိမဖြစ် ကစားသမားအနေနဲ့ အသုံးတော်ခံနေဆဲ မိုဒရစ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ခရိုအေးရှားလက်ရွေးစင်ကြီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗိုလ်လုပွဲတက်ရောက်ရာ လမ်းကြောင်းမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့သူပါ။
အရွယ်နဲ့ မလိုက်တဲ့ ကစားအားတွေနဲ့အတူ အသင်းကို ထိန်းကျောင်းမောင်းနှင်နေတဲ့ မိုဒရစ်က မနေ့က မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပြိုင်ဘက် ကွင်းလယ်လူ ဒီဘရိုင်းကို လှလှပပ လှည့်စားပြီး တကွက်ပြသွားခဲ့ပါသေးတယ်။ ဒီဘရိုင်းဟာလည်း မန်စီးတီးရဲ့ အဓိက ကွင်းလယ်လူတယောက်ပဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။
မိုဒရစ်နဲ့ဒီဘရိုင်းတို့ရဲ့ ဒီဗီဒီယိုကိုတော့ ကွင်းအတွင်းမှာရှိတဲ့ ပရိသတ်တယောက်က ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ ဒီဘရိုင်းက မန်စီးတီး တန်ပြန်တိုက်စစ် စတင်ဖို့ ပြေးလွှားလာခဲ့ပေမယ့် မိုဒရစ်ရဲ့ ပြေးအားကို မယှဥ်နိုင်ခဲ့ဘဲ မန်စီးတီးရဲ့ တန်ပြန်တိုက်စစ် အသက်မဲ့သွားခဲ့ရတာပါ။ မိုဒရစ်ဟာ ဒီဘောလုံးကို ရယူပြီးနောက် သာသာယာယာပဲ ဂိုးသမား ကော်တိုအာဆီ ပြန်ချပေးသွားခဲ့ပါတယ်။
ဒီလိုမျိုး မိုဒရစ်ကြီးရဲ့ ပြေးအားကို ပရိသတ်တွေက သဘောကျနှစ်သက်နေကြပြီး “လူကာမိုဒရစ်က ဒီဘရိုင်းနောက်ကနေ ပြေးလာပြီး ဘောလုံးလုသွားတာက ဒီညအတွက် အကြီးမားဆုံး ချီးကျူးရမယ့်ကိစ္စပါ” “မိုဒရစ်က ဒီဘရိုင်းထက် ပိုမြန်ပါတယ်။ ဒါကို ဘယ်သူတွေ သိခဲ့လဲ”
“အသက် (၈၉) နှစ်အရွယ် မိုဒရစ် ကျော်ပြေးတာကိုပါ ဒီဘရိုင်း ခံလိုက်ရပါတယ်” “အသက် (၃၆) နှစ်အရွယ် မိုဒရစ်က ဘယ်လိုဖြစ်လို့များ ဒီဘရိုင်းထက် ပိုမြန်နေရတာလဲ” လို့ အမျိုးမျိုး ချီးကျူးပြောကြားခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ကျော်ဖြတ်ပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးနဲ့ ရင်ဆိုင်ရတော့မှာပါ။
သီယာဂို၊ ဖာဘင်ဟို၊ ကီတာတို့လို ကစားသမားတွေနဲ့ အားပြိုင်တဲ့အခါမှာရော မိုဒရစ်တယောက် အခုလိုမျိုးပဲ ခြေစွမ်းပြနိုင်ဦးမလား၊ ဝါးနုက ဝါးရင့်ကို ပြန်ပတ်သွားမလားဆိုတာကိုတော့ ဗိုလ်လုပွဲကျရင် စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။