မန်ချက်စတာယူနိုက်တက်အသင်းဟာ ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းရဲ့လစာအများဆုံးကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို လာမယ့်နွေရာသီမှာ အငှားချဖို့ စဉ်းစားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
ချီလီလက်ရွေးစင်ကြယ်ပွင့် ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ယနေ့အချိန်အထိ ခြေစွမ်းကောင်း ပြသနိုင်ခြင်း မရှိသေးသူဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ နည်းပြဟောင်း မော်ရင်ဟိုလက်ထက်တုန်းကလည်း ပွဲထွက်ကစားသမားစာရင်းကနေ မကြာခဏ ချန်လှပ်ခံခဲ့ရသူဖြစ်ပြီး အမြဲတမ်းနည်းပြဖြစ်လာတော့မယ့် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာလည်း မန်ယူအသင်းရဲ့အနာဂတ်မှာ တစ်စိတ်တပိုင်းပါဝင်နိုင်တဲ့ခြေစွမ်းရှိကြောင်း သက်သေမပြသနိုင်သူဖြစ်ပါတယ်။
The Sun ရဲ့သတင်းအရ ဆိုးလ်ရှားဟာ ယခုရာသီကုန်မှာ အမြဲတမ်းနည်းပြဖြစ်လာတော့မှာဖြစ်ပြီး ဆန်းချက်ရဲ့ ယူနိုက်တက်အနာဂတ်ဟာ မရေရာမသေချာဖြစ်လာတော့မယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအချိန်မှာ ဆန်းချက်ဇ်ကို ရောင်းချလို့မရနိုင်သေးဘူးလို့ ယုံကြည်နေပြီး ၎င်းရဲ့မြင့်မားတဲ့လစာကို သက်သာစေဖို့အတွက် အငှားချသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းခန့်ရရှိနေတယ်လို့ ယုံကြည်ရပြီး ယခုရာသီ ၂၃ ပွဲကစားထားရမှာ ၂ ဂိုးသာ သွင်းယူထားပြီး ယင်းလုပ်ခလစာနဲ့ ထိုက်တန်ကြောင်း မပြသနိုင်သူဖြစ်ပါတယ်။