၂၀၂၃ ခုနှစ်အထိ အသင်းမှာ ရှိနေမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ခံစစ်ကစားသမား ဖီးလ်ဂျုံးစ်နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုုနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ ကြေညာခဲ့ပါတယ်။

ဖီးလ်ဂျုံးစ်ကို ၂၀၁၁ ခုနှစ်က ဘလက်ဘန်းအသင်းကနေ ပေါင် ၁၈ သန်းနဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က ခေါ်ယူခဲ့တာဖြစ်ပြီး ၄ နှစ်စာချုပ်သစ်မှာ နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့် ပါဝင်တယ်လို့ သိရပါတယ်။

“စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော် အရမ်းဝမ်းမြောက်မိပါတယ်”

“မန်ချက်စတာယူနိုက်တက်အသင်းက ၈ နှစ်လောက် ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာပါ။ ဒီအသင်းနဲ့ပတ်သက်တဲ့အရာမှန်သမျှ ကျွန်တော် ချစ်မြတ်နိုးပါတယ်”

“ရှေ့မှာစောင့်နေတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီရာသီ အရမ်းအလုပ်များတဲ့ကာလအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။ ကျွန်တော့်ရဲ့ခြေစွမ်းတိုးတက်အောင် ဆက်လက်ပြီး အထောက်အကူပေးခဲ့တဲ့အတွက် အိုလီနဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားကလည်း “မန်ချက်စတာယူနိုက်တက်အသင်းကစားသမားဖြစ်လာဖို့ ဘယ်လိုအရည်အသွေးတွေရှိရမလဲဆိုတာ ဖီးလ်ဂျုံးစ်သိပါတယ်။ သူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပြီး အခုအချိန်မှာ အသင်းရဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးဖြစ်နေပါပြီ”

“မကြာခင်မှာ သူ အသက် ၂၇ နှစ်ပြည့်မြောက်တော့မှာပါ။ သူ့ရဲ့ အဓိကအသက်အပိုင်းခြားထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး အသင်းမှာ ဆက်ရှိနေဖို့ ကတိကဝတ်ပြုခဲ့တဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က