လူငယ်တွေနဲ့တော့ ယှဉ်ပြီး မလုပ်နိုင်တော့ဘူးတဲ့။

ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်လေ့ရှိတဲ့ ဝေဠုကျော်ကတော့ ကျန်းမာရေးအခြေအနေ အရရော အသက်အရွယ်အရပါ လူငယ်တွေနဲ့ ယှဉ်ပြီးတော့ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

 

photo : ဝေဠုကျော်ဖောင်ဒေးရှင်း

ကယ်ဆယ်ရေးလုပ်ငန်းတွေလုုပ်တဲ့အချိန်တွေမှာ ဓာတ်ပုံပဲ ရိုက်ပြီး ပြန်သွားတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး ဝေဠုကျော်က ပြန်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေအရ နေမကောင်းတဲ့ အချိန်တွေရှိခဲ့သလို နေကောင်းခဲ့ရင်တောင်မှ လူငယ်တွေနဲ့ ယှဉ်ပြီး အားသွန်စိုက် မလုပ်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

“လူငယ်တွေနဲ့ယှဉ်ပြီး မလုပ်နိုင်တော့ဘူး ။ ဒီနှစ်ထဲမှာ ကျွန်တော်အရမ်းအပြောခံရတယ်။ ကြည့်ယုံပဲ ရပ်ကြည့်တယ်။ ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်ပေ့ါ။ ကျွန်တော်အဲ့နေ့က တကယ်နေမကောင်းတာပါ။ နေကောင်း ရင်တောင်မှ ကျွန်တော် လူငယ်တွေနဲ့ယှဉ်ပြီး မလုပ်နိုင်တော့ပါဘူး။ ကျွန်တော့်အသက်(၄၈) ရှိပါပြီ ကျွန်တော် အသက်(၂၀) က အိမ်ထောင်ကျခဲ့မယ်ဆိုရင်အသက် (၂၈)နှစ်ကလေးတွေက ကကျွန်တော့် သားလောက် ဖြစ်နေပြီ။ ကျွန်တော်ဒီကလေးတွေနဲ့တော့ ယှဉ်ပြီး ဘယ်လုပ်နိုင်ပါတော့မလဲ” ဆိုပြီး အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

photo : ဝေဠုကျော်ဖောင်ဒေးရှင်း

သူ့အနေနဲ့ကတော့ ကယ်ဆယ်ရေးုလုပ်ငန်းတွေမှာ တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေးပညာတွေနဲ့ပဲ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတောင် ကျန်းမာရေးအခြေအနေအရ ပရဟိတအလုပ်တွေ လုပ်ရတာ နည်းနည်းအားလျော့လာပြီလို့ သူက ပြောပါတယ်။

“ကျွန်တော်တို့က တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေး ပညာတွေ။ ကြက်ခြေနီမှာ နည်းပြတစ်ယောက် ဖြစ်သလို ရေပြင်အသက်ကယ်၊ ရေအောက်အသက်ကယ် ကျွန်တော်တတ်ထားပြီးသားပါ။ ကျွန်တော် အဲ့အတတ် ပညာတွေနဲ့ပဲ ကျွန်တော်လုပ်နိုင်နေတာပါ။ တကယ်ခွန်အားစိုက်ဆိုရင် နောက်နောင် နှစ်တွေမှာ ပိုဆိုးတော့မှာပါ။ အခုနှစ်တောင်မှ ကျန်းမာရေးအရရောဘာရော နည်းနည်းလျော့လာပြီ။ ကမန်တော်တို့ထက် တော်တဲ့ ညီငယ်ညီမငယ်တွေအများကြီးပေါ်လာပါပြီ။ သူတို့လုပ်ပါလိမ့်မယ်။ ကျွန်တော်တော့ နိုင်သလောက်ပဲ လုပ်နိုင်တော့မှာပါ “ လို့ သူက ဆိုပါတယ်။

photo : ဝေဠုကျော်ဖောင်ဒေးရှင်း

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

သူဟာ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုအောင်ဇော် ကို သတိရတဲ့အနေနဲ့ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေဠုကျော်ကို အောင်ထွန်း ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာလောကသား အချင်းချင်းရိုင်းပင်းကူညီတဲ့ စိတ်နဲ့ ပါဝင်သရုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က