မေလဆန်းပိုင်းကစပြီး အစိုးရရဲ့ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်ပနိုင်ငံအသီးသီးကပြန်လာကြသူဦးရေဟာ လက်ရှိအချိန်အထိ ၃၁၀၀ ကျော်ရှိခဲ့တဲ့အထဲကမှ COVID-19 ရောဂါပိုးတွေ့ရှိထားသူ ၂ ရာခိုင်နှုန်းခန့်ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။
ပြည်ပနိုင်ငံအသီးသီးကနေ နေရပ်ပြန်ဖို့ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ပြန်လည်ခေါ်ယူရေးတွေ လုပ်ဆောင်ခဲ့ရာမှာ ဇွန်လ ၅ ရက်နေ့အထိ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ဝင်လာသူဦးရေဟာ ၃၁၀၉ ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ မေလ ၁၆ ရက်ကနေ ဇွန်လ ၆ ရက်နေ့ ည ၈ နာရီအထိတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ၅၉ ဦးထဲက ၅၄ ဦးက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လာကြသူတွေပါ။
Photo- MOFA
အဆိုပါ ပိုးတွေ့လူနာ ၅၄ ဦးကတော့ အိန္ဒိယနိုင်ငံကပြန်လာသူ ၃၂ ဦး၊ မလေးရှားကပြန်လာသူ ၁၃ ဦး၊ ယူအေအီးနိုင်ငံက ပြန်လာသူ ၈ ဦး၊ အီတလီက ပြန်လာသူ ၁ ဦးတို့ဖြစ်ပါတယ်။ အဲဒီထဲကမှ မလေးရှားပြန် ၅ ဦးနဲ့ ယူအေအီးပြန် ၆ ဦး စုစုပေါင်း ၁၃ ဦးကတော့ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ခဲ့တာကြောင့် ရောဂါပျောက်ကင်းသွားပြီလို့ မေလ ၇ ရက်မနက်ပိုင်းအထိ စာရင်းတွေအရသိရပါတယ်။
အစိုးရရဲ့ ကယ်ဆယ်ရေးအစီအစဉ်နဲ့ ပြန်လာကြသူတွေကို ရန်ကုန်မြို့ကကွာရန်တင်းစင်တာတွေမှာ ထားရှိထားပြီး နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်ရယူကာ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွေပြုလုပ်ပေးနေတာဖြစ်ပြီး တစ်ချို့သူတွေကတော့ ပထမတစ်ကြိမ်စစ်ဆေးရာ ပိုးမတွေ့ဘဲ နောက်တစ်ကြိမ်ထပ်စစ်မှ ပိုးတွေ့တာမျိုးတွေလည်း ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။
“ ပြည်တော်ပြန်တွေက နံပါတ်တစ်က ကွာရန်တင်းက အဓိကပဲ။ တစ်ချို့က ကွာရန်တင်းစင်တာရောက်ရောက်ပြီးချင်း ပထမအကြိမ်ပိုးစစ်တော့ မတွေ့ဘူး။ နောက်တစ်ခါထပ်စစ်မှ ပိုးတွေ့တာမျိုးတွေ ရှိတယ်။ ရောက်ရောက်ချင်းတွေ့ရင်တော့ ပိုကောင်းတာပေါ့။ သူတို့ကို ခွဲထားလိုက်လို့ရတာပေါ့။ ပထမတစ်ကြိမ်မှာပိုးမတွေ့ဘူးဆိုပေမယ့် နောက်တစ်ခေါက်မှာ ပိုးတွေ့နိုင်ခြေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်တော်ပြန်တွေကို ကွာရန်တင်းမှာ ရက်အတိအကျနေစေပြီး စည်းကမ်းလိုက်နာဖို့ ပြောနေရတာပါ” လို့ ထိန်းချုပ်ထားရတာပါ။ လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာကြတဲ့သူတွေထဲမှာ ပိုးတွေ့လူနာအများဆုံးက အိန္ဒိယက ပြန်လာသူတွေဖြစ်ပြီး ရောဂါကူးစက်မှုများပြားခဲ့တဲ့ ကိုရီးယား၊ဂျပန်၊ အမေရိကန် နိုင်ငံက ပြန်လာသူတွေမှာတော့ လက်ရှိအချိန်ထိ ပိုးတွေ့လူနာမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာတော့ဇွန်လ မြန်မာနိုင်ငံမှာ ဇွန်လ ၇ ရက်မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၂၄၀ ဦးရှိတဲ့အထဲကမှ ရောဂါပျောက်ကင်းသူ ၁၇၆ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတာကြောင့် လက်ရှိ ဆေးရုံတွေမှာ တက်ရောက်ကုသနေသူ ၇၈ ဦးသာရှိနေတယ်လို့လည်း သိရပါတယ်။
Share