ယမန်နှစ် မတ်လမှစပြီး နယ်စပ်တွေ ပိတ်ထားခဲ့ကာ စီးပွားဖြစ် လေကြောင်းခရီးစဥ်များ ဝင်ရောက်မှု မရှိသလောက်နီးပါး ဖြစ်ခဲ့ပါတယ်

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး လပေါင်း ၂၀ နီးပါကြာ ပိတ်ထားခဲ့တဲ့ ဗီယက်နမ်နိုင်ငံ နယ်စပ်တွေကို ပြန်ဖွင့်လိုက်ပြီဖြစ်ရာ ပထမဆုံး နိုင်ငံတကာခရီးသွားများ ပြန်လည်ဝင်ရောက်လာကြပြီ ဖြစ်ပါတယ်။

အထူးလေယာဥ်ခရီးစဥ် ၂ ခုနဲ့အတူ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန် ခရီးသွား ၄၀၀ ကျော်ဟာ နိုဝင်ဘာ ၁၁ ရက်နေ့က ဗီယက်နမ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ အဆိုပါ နိုင်ငံတကာခရီးသွားတွေဟာ နိုင်ငံတောင်ပိုင်း အပန်းဖြေနေရာဖြစ်တဲ့ Nha Trang ကို သွားရောက်ကြကြောင်း အစိုးရသတင်းဌာနက ဖော်ပြပါတယ်။



(Photo: AFP)

ထိုနေရာ ဂေါက်သီးရိုက်သူများ၊ ကမ်းခြေကို နှစ်သက်သူများနဲ့ ရေအောက်အသက်ရှူကရိယာဖြင့် ရေငုပ်သူများကြာ လူသိများကျော်ကြားပြီး ဇိမ်ခံဟိုတယ်တွေရှိပါတယ်။ ဗီယက်နမ်အစိုးရက အပန်းဖြေကျွန်း Phu Quoc သို့ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးတဲ့ နိုင်ငံခြားခရီးသွားတွေကို နိုဝင်ဘာ ၂၀ ရက်မှာ ပြန်လာရောက်ခွင့်ပြုရန် စီစဥ်ထားမှု မတိုင်မီ ယခု နိုင်ငံတကာလေကြောင်းခရီးစဥ်တွေ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် လများအတွင်း နိုင်ငံတကာခရီးသွား အနည်းဆုံး ၅,၀၀၀ လာရောက်မယ်လို့ ဗီယက်နမ်က မျှော်လင့်ထားပါတယ်။ ဗီယက်နမ်ကို ဝင်ရောက်ကြမယ့် နိုင်ငံခြားခရီးသွားတွေဟာ COVID-19 ကာကွယ်ဆေးထိုးပြီးကြောင်းနဲ့ ခရီးမထွက်မီ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း စစ်ဆေးမှုအဖြေ အထောက်အထားတွေ ပြသရမှာဖြစ်ပါတယ်။

လနဲ့ချီကြာ lockdown သတ်မှတ်ခဲ့ရပြီးနောက် ဆိုးရွားစွာ ထိခိုက်ခဲ့တဲ့ စီးပွားရေးကို နာလန်ပြန်ထူရန် ဗီယက်နမ်က အပြင်းအထန် ကြိုးပမ်းနေပါတယ်။ ဗီယက်နမ်က ယမန်နှစ် မတ်လမှစပြီး ၎င်းရဲ့နယ်စပ်တွေကို ပိတ်ထားခဲ့ကာ စီးပွားဖြစ် လေကြောင်းခရီးစဥ်များ နိုင်ငံအတွင်း ဝင်ရောက်မှု မရှိသလောက်နီးပါး ဖြစ်ခဲ့ပါတယ်။

(Photo: AFP)

ဗီယက်နမ်ဟာ ယမန်နှစ်အတွင်း COVID-19 ကူးစက်မှု ဒါဇင်နဲ့ချီ အရေအတွက်မျှသာရှိခဲ့ပြီး ၎င်းရဲ့ကပ်ရောဂါထိန်းချုပ်ရေးကို ချီးကျူးခဲ့ကြပါတယ်။ သို့သော် ယခုနှစ် ဧပြီလမှစပြီး ဗီယက်နမ်မှာ ပိုမိုကူးစက်မြန်တဲ့ မျိုးဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားလာခဲ့ပါတယ်။

ထိုအချိန်မှစပြီး ဗီယက်နမ်မှာ ကူးစက်မှု တစ်သန်းကျော်နဲ့ သေဆုံးသူ ၂၃,၀၀၀ နီးပါးရှိလာခဲ့ပါတယ်။ လူဦးရေ သန်း ၁၀၀ ရှိတဲ့ ဗီယက်နမ်ဟာ COVID-19 ကာကွယ်ဆေး လုံလောက်မှုရှိရန်လည်း အသည်းအသန် ကြိုးပမ်းနေပါတယ်။ လက်ရှိအချိန်အထိတော့ ဗီယက်နမ်လူဦးရေ ၃၂ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

Share

က္က