ကနဦး စစ်ဆေးမှုတွေအရ ဘတ်စ်ကားဟာ ဘရိတ်ပေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံမှာ တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသည်အများစုကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: Shanghai.ist)

ယမန်နေ့ (သြဂုတ် ၁၉ ရက်) မွန်းလွဲပိုင်းက လာအိုနိုင်ငံ Luang Prabang မြို့သို့ မောင်းနှင်သွားနေတဲ့ ဘတ်စ်ကားတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကားတိမ်းမှောက်ပြီးနောက် ယနေ့ (သြဂုတ် ၂၀ ရက်) မနက်ပိုင်းအထိ လူနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကို ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။



(Photo: Xinhua)

တိမ်းမှောက်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ စုစုပေါင်း လူ ၄၆ ဦး လိုက်ပါလာခဲ့ကြောင်းနဲ့ ၄၄ ဦးဟာ တရုတ်ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ကြကြောင်း CGNT သတင်းက ဖော်ပြပါတယ်။ တရုတ်ကောင်စစ်ဝန်ရုံး အကြီးအကဲ ဦးဆောင်တဲ့အဖွဲ့က ဘတ်စ်ကားတိမ်းမှောက်တဲ့နေရာသို့ သွားရောက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

(Infographic: AFP)

ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးမှုတွေအရ ဘတ်စ်ကားဟာ ဘရိတ်ပေါက်သွားခဲ့ရာမှ တိမ်းမှောက်ခဲ့တယ်လို့ ယူဆထားပါတယ်။ အဆိုပါ ဘတ်စ်ကားဟာ လာအိုမြို့တော် ဗီယန်ကျင်းမြို့မှ ထွက်ခွာလာခဲ့တာဖြစ်ပြီး Luang Prabang မြို့သို့ မရောက်ရှိမီ ၂၅ မိုင်ခန့်အကွာမှာ တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က