လားရှိုးကနေ မန္တလေးကို အစုန်အဆန်ပြေးဆွဲတဲ့ မီးရထားခရီးစဉ်ကို လုံခြုံရေးအခြေအနေအရ ယာယီဖျက်သိမ်းထားတယ်လို့ လားရှိုးဘူတာရုံကနေ စုံစမ်းသိရှိရပါတယ်။
Photo- Nay Myo (လားရှိုးဘူတာကို မြင်တွေ့ရစဉ်)
နေ့စဉ် မနက် ၅ နာရီ အချိန်မှာ ပြေးဆွဲပေးနေတဲ့ လားရှိုး-မန္တလေး မီးရထားလမ်းခရီးစဉ်မှာ ဒီကနေ့ သြဂုတ်လ ၁၆ ရက်က စတင်ကာ ဖျက်သိမ်းထားပြီး ဘယ်ရက်မှာ ပြန်လည်ပြေးဆွဲမလဲဆိုတာကိုတော့ အတိအကျပြောနိုင်ခြင်းမရှိသေးလို့ လားရှိုးဘူတာရုံမှ ရုံပိုင် (အထူးတန်း) တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
“ ဒီနေ့ (သြဂုတ်လ ၁၆ ရက်) တော့ ယာယီဖျက်သိမ်းထားမယ်လို့ ကြေညာထားပါတယ်။ နောက်ရက်တွေမှာလည်း လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပြန်ဖွင့်သွားမှာပါ။ ကျွန်တော်ာတို့လဲ ဘယ်ရက် ပြန်ဖွင့်မလဲဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး “ လို့ ရုံပိုင် (အထူးတန်း) တာဝန်ရှိသူက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ မီးရထားပြန်လည်ထွက်မယ့် ရက်ကို သိရှိလိုပါက လားရှိုးဘူတာရုံ ဖုန်းနံပတ် ၀၈၂-၂၂၀၃၃၀၈ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ကြေညာထားပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့က နောင်ချိမြို့ အနီးပတ်ဝန်းကျင်နဲ့ ဂုတ်တွင်းကားလမ်းတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လားရှိုးကနေ မန္တလေးကို ထွက်ခွာခဲ့တဲ့ရထားမှာ သီပေါမြို့ကနေ လာရှိုးကို ပြန်လည်ခုတ်မောင်းလာခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် ဂုတ်တွင်းတံတားပျက်စီးခဲ့မှုကြောင့် နောင်ချိုနဲ့ မူဆယ်ဘက်လမ်းကြောင့်တွေကို ပိတ်ထားပြီး ရန်ကုန်-မူဆယ်၊ ရန်ကုန်-လားရှိုး၊ နေပြည်တော်-လားရှိုးနဲ့ မန္တလေး- မူဆယ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအချို့မှာလည်း သြဂုတ်လ ၁၅ ရက်က စတင်ကာ ခရီးစဉ်တွေ ရပ်နားထားတယ်လို့ ဆိုပါတယ်။
ကားလက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေကို ယာဉ်လိုင်းအချို့က နောက်ရက်မှာ ပြန်လည် ထွက်ခွာမည့် အစားထိုးယာဉ်တွေနဲ့ ပြန်ထည့်ပေးမှာဖြစ်သလိုလက်မှတ်ဖိုး ငွေပြန်လည် ထုတ်ယူချင်တယ်ဆိုပါကလည်း ပြန်လည်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။