မိခင်နို့တစ်မျိုးတည်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်ကာ အပျော်ရွှင်ဆုံးသော ကလေးငယ်များကို ပျိုးထောင်နိုင်သည်ကို သိပ္ပံနည်းကျသက်သေထူခဲ့ပြီး ဖြစ်ပါသည်။ မွေးစမှ ၆ လအထိ အချိန်ကာလသည် ကလေးငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် လျှင်မြန်စွာဖွံ့ဖြိုးသည့် အရေးပါလှသော အချိန်အပိုင်းအခြားဖြစ်သည်။



 

MaMayThway_Image_2.png 

ကလေးများ၏ ဘဝအစဖြစ်သည့် ပထမ ၆ လအတွင်းတွင် မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံး အာဟာရနှင့် ပြုစုစောင့်ရှောက်မှုကို ပေးအပ်ခြင်းပင်ဖြစ်သည်။ ဤအချက်ကို ကောင်းစွာနားလည်သိရှိထားသူမှာ ၆လအရွယ် သမီးငယ်လေး၏ မိခင်ဖြစ်သူ မမေသွေး ပင်ဖြစ်ပါသည်။ မမေသွေးသည် သမီးငယ်လေးကို လမစေ့ခင် ပေါင်မပြည့်ဘဲ မွေးဖွားခဲ့ရာ သမီးငယ်လေး၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးပါသည့် မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသွားရန် ခိုင်မာစွာ ဆုံးဖြတ်ထားသူဖြစ်သည်။



"ကျွန်မ အရေးပေါ်ကျန်းမာရေးအခြေအနေနဲ့ ကလေးကို ခွဲမွေးခဲ့ရတော့ လလည်းမစေ့သလို ပေါင်လည်းမပြည့်ခဲ့ပါဘူး။ မွေးပြီးတော့ တစ်ပတ်လောက်ထိလည်း ကလေးကို မတွေ့ခဲ့ရပြန်ဘူး။ ကလေးကို ကလေးဆောင်မှာ တခြားအမေရဲ့နို့ကို ပေးထားတယ်ဆိုတာသိရပါတယ်။ သမီးလေးကို သွားတွေ့လို့ မဖြစ်ခဲ့ပေမယ့် ကျွန်မရဲ့နိုု့ရည်ကိုုတော့ ရအောင်တိုက်မယ်လို့ဆုံးဖြတ်ပြီး မွေးပြီး သုံးရက်မြောက်နေ့မှာ ပေါင်းခံထားတဲ့နို့ဗူးနဲ့ ကျွန်မနိုု့ရည်ကိုု ညှစ်ပြီး ပေးခဲ့တယ်။" ဟု မမေသွေး ကပြောပြခဲ့ပါသည်။



မိခင်အသစ်တစ်ဦးဖြစ်သူ မမေသွေးသည် ဤဖြစ်ရပ်ကြောင့် စိတ်ဖိစီးမှုများ၊ စိုးရိမ်ကြောင့်ကျမှုများရှိခဲ့ကာ သမီးငယ်လေးကို မိခင်နို့တိုက်ကျွေးနိုင်ရေးအတွက် အစပိုင်းတွင် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရပါသည်။ မမေသွေး က "ဆေးရုံမှာတုန်းကဆို ကလေးက သေးသေးလေး ပြီးတော့ပိုက်ကလေးနဲ့ မိခင်နို့တိုက်နေခဲ့ရတာဆိုတာ စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။ စစချင်း အိမ်မှာနို့စို့ခိုင်းကြည့်တော့ အစမှာ ကလေးစုပ်အားမရှိလို့ နို့သိပ်မထွက်ပေမယ့် နောက်ပိုင်းတဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်။ ကျွန်မ မိခင်နို့စညှစ်တုန်းက နာပေမဲ့ အနာခံပြီးညစ်တော့ နည်းနည်းစီထွက်လာပါတယ်။ ဆရာဝန်တွေကလည်း နို့ထွက်အောင် နှိပ်နယ်ပေးရတဲ့ နည်းလမ်းတွေကို သေချာသင်ပေးခဲ့ပါတယ်။" ဟု ပြောပြပါသည်။



ဤကဲ့သို့ အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း မမေသွေး၏ မိသားစုသည် မိခင်အတွက်ရော ကလေးငယ်အတွက်ပါ လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများကို အပြည့်အဝ ပေးအပ်ခဲ့ပါသည်။ ဝိုင်းဝန်းကူညီပေးခဲ့ပါသည်။ အဆိုပါ အချိန်အခါမျိုးတွင် မိခင်အသစ်တိုင်း အလိုအပ်ဆုံးသောအရာမှာ

မိသားစု၏ ကူညီဖေးမမှုပင်ဖြစ်သည်။ ဤကဲ့သိုသော မိသားစု၏ ကူညီဖေးမမှုများကြောင့် သမီးငယ်လေး၏ ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းများရရှိနိုင်ကြောင်းကိုလည်း သက်သေပြလျက်ရှိသည်။



မမေသွေးက “ကလေးရဲ့ အဘွားဆိုလည်း ကျွန်မ ဆေးရုံမှာတည်းက အစားအသောက်အတွက် အစစအရာရာ ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။ နို့ထွက်အားကောင်းစေမယ့် အစားအသောက်တွေဆို အကုန်စားပါတယ်။ ကျွန်မအာဟာရအတွက် အဒေါ်ဖြစ်သူကလည်း ကြက်ပြုတ်ရည်ကို အခုချိန်ထိ နေ့တိုင်း တိုက်ပါတယ်။ ကျွန်မနဲ့ ကလေးအတွက် အင်မတန်မှကို ဂရုတစိုက် ပံ့ပိုးကူညီပေးတဲ့ မိသားစုကို ကျွန်မ ပိုင်ဆိုင်ထားတာပါ” ဟုပြောပါသည်။

 

မမေသွေးသည် ဆေးရုံတွင်ရှိစဉ် အချိန်မှစ၍ သမီးငယ်လေး၏ မိခင်နို့စို့သည့်ပမာဏကို နေ့စဉ်မှတ်သားထားပါသည်။ ဆေးရုံတွင်ရှိနေသည့် အချိန်အထိ သမီးငယ်သည် မိခင်နို့ကို ၃၀ cc အထိ နေ့စဉ်သောက်သဖြင့် အိမ်ပြန်ရောက်သည့် အချိန်တွင်လည်း အဆိုပါပမာဏအထိ ကလေးအား မတိုက်နိုင်ဖြစ်မည်ကို စိုးရိမ်သောကြောင့် မမေသွေးသည် သမီးငယ်ကို ဇွန်းနှင့်တစ်လှည့် နို့ဗူးနှင့်တစ်လှည့် တိုက်ကျွေးဖြစ်ခဲ့ပါသည်။ တဖြည်းဖြည်းနှင့် ကလေးသည် မိခင်နို့ကို ၃၀ cc နှင့် မဝတော့ပဲ ၄၀ cc မှ ၅၀ cc အထိ သောက်လာနိုင်ပါသည်။ ယခုအချိန်တွင် သမီးငယ်၏ ကိုယ်အလေးချိန်သည် ၁၂ ပေါင် ဖြစ်နေပြီဖြစ်သည်။



မမေသွေး အလုပ်သွားသည့်အချိန်တွင် မိခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့သည် သမီးငယ်လေးကို တစ်လှည့်စီ ပြုစုစောင့်ရှောက်ပေးကြပြီး၊ အစ်မဖြစ်သူသည် ကလေးမွေးဖွားထားသည့် မိခင်တစ်ဦးလည်းဖြစ်သောကြောင့် သမီးငယ်လေးကို ကောင်းမွန်စွာ ပြုစုပေးနိုင်သည်။ ဤကဲ့သို့ မိသားစုတစ်ခုလုံး၏ ဝိုင်းဝန်းကူညီမှုများကြောင့်ပင် မမေသွေးသည် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ မမေသွေး၏ သမီးငယ်လေးကို ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်ကာ အပျော်ရွှင်ဆုံးသော ကလေးငယ်လေးဖြစ်လာစေရန် မိခင်နို့တစ်မျိုးတည်းကို အောင်မြင်စွာတိုက်ကျွေးနိုင်ရေးအတွက် မိသားစု၏ ဝိုင်းဝန်းကူညီမှု အခန်းကဏ္ဍသည် အခရာကျလှသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။



မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးဖို့အတွက် အခြားမိခင်များကို မည်သည့်အကြံဉာဏ်မျိုးပေးလိုကြောင်း မေးမြန်းရာတွင် “မွေးတုန်းက သမီးကလေးက ပေါင်ချိန် လေးပေါင် တောင်မရှိပါဘူး။ တစ်ခါတိုက်ကျွေးတိုင်း နည်းနည်းစီပဲ စို့ပါတယ်။ အလုပ်ကိုလည်း သမီးငယ်လေးကို ခေါ်သွားတယ်။ အဘွားဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့ကလည်း တစ်လှည့်စီကြည့်ပေးပါတယ်။ ပြီးတော့လည်း သမီးလေး ဗိုက်ဆာတိုင်း မိခင်နို့ကိုတိုက်ကျွေးပေးမယ့် အခြားမိခင်တစ်ဦးလည်းအနားမှာ ရှိတယ်။ ကျွန်မရဲ့ သမီးငယ်လေးကို မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခဲ့ပါတယ်။ ကလေးက သေးသေးလေးကနေ အခုဆိုရင် ၁၂ ပေါင် ဖြစ်လာပါပြီ။ ဒါကြောင့်မို့ မိခင်နို့ကို ဦးစားပေးတိုက်ပေးပါလို့ ပြောချင်ပါတယ်။



မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ အကုန်ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းကလည်း မိခင်နို့ဟာ ကလေးငယ်အတွက် အကောင်းဆုံးဖြစ်တာကို သိရှိနားလည်ခဲ့ပြီး ဒီမိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကပဲ သမီးငယ်လေးရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့ပါတယ်” ဟုဆိုပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က