အန်ဆယ်လော့တီကတော့ ကစားသမားတွေနဲ့ သူငယ်ချင်းလို ပေါင်းသင်းနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီဟာ လီဗန်တေးကို ခြောက်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပရိသတ်တွေ သဘောကျရမယ့်အရာတခုကို လုပ်ပြခဲ့ပြန်တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က တန်းဆင်းဇုန်ထဲက လီဗန်တေးကို ဂိုးပြတ်အနိုင်ယူကာ လီဗန်တေးလည်း တန်းဆင်းခဲ့ရပါတယ်။



ရီးရဲလ်မက်ဒရစ်ဟာ အက်စ်ပန်ညိုကို အနိုင်ရရှိပြီးတည်းက လာလီဂါချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခဲ့ပြီးပါပြီ။ နောက်ပိုင်းပွဲတွေမှာ ရီးရဲလ်မက်ဒရစ်တို့ ဖိအားကင်းကင်းနဲ့ ကစားခွင့်ရရှိနေပြီး ကစားသမားစာရင်းကိုလည်း လိုအပ်သလို လှည့်လည်အသုံးပြုနေခဲ့ပါတယ်။

လီဗန်တေးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ နောက်ခံလူ မီလီတာအိုက အနားရခဲ့ပြီး အရံခုံမှာသာရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန်အတွင်းမှာ အန်ဆယ်လော့တီက မီလီတာအိုကို ဘေးနားခေါ်ထိုင်ခိုင်းပြီး သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်စေခဲ့ပါတယ်။ မီလီတာအိုဟာ အန်ဆယ်လော့တီနဲ့ ခပ်လှမ်းလှမ်း၊ ကြားထဲမှာ အခြားနည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေခြားထားတဲ့နေရာမှာ ထိုင်နေခဲ့တာပါ။

ဒါပေမယ့် အန်ဆယ်လော့တီခေါ်လိုက်တဲ့အချိန်မှာ မီလီတာအိုကလည်း သူ့ရဲ့ရေဘူး၊ ပဝါတို့ကို ကိုင်ဆောင်ကာ အန်ဆယ်လော့တီ ဘေးနား ခုံလွတ်မှာဝင်ထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အန်ဆယ်လော့တီက မီလီတာအိုဆီ နည်းစနစ်ပိုင်းဆိုင်ရာ ညွှန်ကြားချက်တွေပါဝင်တဲ့ ဖိုင်တခုကို ပေးပြီး ကြည့်ရှုစေခဲ့ပါတယ်။



ဒီနောက်မှာတော့ အန်ဆယ်လော့တီနဲ့မီလီတာအိုတို့နှစ်ယောက်အကြား တီးတိုးပြောနေခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာတွေအကြောင်း ပြောနေဟန်ရှိတယ်လို့ ယူဆရပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ထားတဲ့ နည်းပြတယောက်ပါ။

သူ့အသင်းက အံ့အားသင့်ဖွယ် စည်းလုံးမှု၊ စိတ်ဓာတ်တွေနဲ့အတူ ချန်ပီယံလိဂ်မှာလည်း ပြိုင်ဘက်တွေကို ရှုံးနိမ့်နေရာကနေ အကြိမ်ကြိမ် အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိနေပါပြီ။ ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အန်ဆယ်လော့တီနဲ့ ကစားသမားတွေအကြားက သူငယ်ချင်းဆန်ဆန် ဆက်ဆံရေးတွေကြောင့်လည်း ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အောင်ပွဲခံလိမ့်ဦးမယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က