မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲကတော့ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်တို့ လာလီဂါအမှတ်ပေးဇယားမှာ ဒုတိယနေရာက ဘာစီလိုနာကို (၁၁) မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီပွဲမှာ ဘာစီလိုနာတို့ရရှိခဲ့သင့်တဲ့ သွင်းဂိုးတစ်ဂိုး မရရှိခဲ့တာကြောင့် တော်တော်လေး နစ်နာခဲ့ရတယ်လို့ ပြောရမှာပါ။
ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ခရစ္စတန်ဆန် သွင်းယူခဲ့ပြီးနောက် ရာမဲလ်က နောက်ထပ် ဒုတိယဦးဆောင်ဂိုး သွင်းယူဖို့ အခွင့်အရေးကောင်းခဲ့ပါတယ်။ ထောင့်ကန်ဘောကတစ်ဆင့် ရာမဲလ် လမ်းကြောင်းပြောင်းပေးလိုက်တဲ့ ဘောလုံးက လူနင်ကာကွယ်နိုင်ခဲ့သည့်တိုင် ဂိုးစည်းကျော်နေပြီလို့ ဘာစီလိုနာပရိသတ်တွေ ယုံကြည်နေတာပါ။
ဒါပေမယ့်လည်း ဒီဂိုးအတွက် ပြန်ကြည့်စရာ နည်းပညာက လာလီဂါမှာ မရှိခဲ့ပါဘူး။ လာလီဂါမှာ ဂိုးလိုင်းနည်းပညာကို အသုံးပြုထားခြင်းမရှိဘဲ လာလီဂါဥက္ကဌ ဟာဗီယာတီဘက်စ်ကလည်း ဒီအတွက် ကုန်ကျမယ့် ယူရို (၂.၆) သန်းကို အကုန်ကျခံလိုခြင်းမရှိပါဘူး။
ဘာစီလိုနာ ကစားသမားတွေကတော့ အပြင်းအထန် စောဒကတက်ခဲ့ပြီး VAR နဲ့လည်း ပြန်ကြည့်ခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းမကျော်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘာစီလိုနာအတွက်တော့ အောင့်သက်သက်ဖြစ်ခဲ့ရပါတယ်။ ဂိုးစည်းကျော် မကျော်ကို ဆုံးဖြတ်နိုင်ဖို့ ပရီးမီးယားလိဂ်က သိမ်းငှက်မျက်လုံးနည်းပညာကို အသုံးပြုလာတာ (၁၀) ရာသီမြောက်ရှိပြီဆိုပေမယ့် လာလီဂါမှာတော့ ဒါမျိုး မရှိခဲ့ပါဘူး။