ဘာကာစတူဒီယိုရဲ့ ယူရိုသန်း ၁၀၀ တန်ဖိုးရှိတဲ့ ရှယ်ယာ ၂၄.၅% ကို ထုတ်ရောင်းအပြီးမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လာလီဂါကို လိုအပ်တဲ့စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပြီးနောက်မှာ ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီး၊ ခရစ္စတီယန်ဆန်၊ ကက်ဆီ၊ ရာဖင်ဟာ၊ ဒမ်ဘီလီနဲ့ ဆာဂျီရောဘတ်တိုတို့ကို စာရင်းသွင်းနိုင်ခဲ့တယ်လို့ Bleacher Report က ဖော်ပြခဲ့ပါတယ်။
ကစားသမားသစ်တွေထဲ ကွန်ဒေးတဦးတည်းသာ ကျန်နေရစ်ခဲ့ပြီး သူ့အတွက် နေရာတနေရာစာရအောင် အသင်းတွင်းလစာငွေကိစ္စတွေကို ညှိနှိုင်းဖို့လိုအပ်နေတယ်လို့သိရပြီး မကြာခင်အဆင်ပြေသွားမယ်လို့လည်း သိရပါတယ်။ ဒီအတွက် ဘာစီလိုနာဟာ လာလီဂါအဖွင့်ပွဲအဖြစ် ရာယိုဗက်လယ်ကာနိုနဲ့ကစားရမယ့်ပွဲမှာ အသင်းကစားသမားအားလုံးနီးပါးကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
အစောပိုင်းမှာ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ခြင်းမရှိပါက လာလီဂါအဖွင့်ပွဲမှာ ထည့်သွင်းအသုံးပြုနိုင်မှာမဟုတ်သလို သတ်မှတ်ချိန်အတွင်းပြီးစီးအောင်မလုပ်နိုင်ရင်လည်း အဆိုပါကစားသမားတွေက အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် အလွတ်ထွက်ခွာနိုင်မယ့် အခြေအနေဖြစ်ခဲ့တာပါ။ အခုတော့ ဘာစီလိုနာက လိုအပ်တာတွေကို ပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ခဲ့လို့ ပြသနာတခုတော့ ဖြေရှင်းပြီးဖြစ်သွားခဲ့ပါတယ်။
ဘာကာကတော့ စနေနေ့မှာ ဒီကိစ္စအားလုံးကို ရှင်းလင်းနိုင်မယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပြီး သူတို့ယုံကြည်သလိုမျိုးတော့ လုပ်နိုင်ခဲ့ပါတယ်။ အသင်းပရိသတ်တွေလည်း အခုမှသာ စိတ်ဒုန်းဒုန်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ လီဝန်ဒေါစကီး၊ ရာဖင်ဟာတို့တသိုက်လည်း လာလီဂါအဖွင့်ပွဲကို ပရိသတ်အဖြစ်နဲ့ထိုင်ကြည့်ရမယ့်ဘေးကနေ ကင်းလွတ်ခဲ့ပြီဖြစ်ပါတယ်။