ဘာစီလိုနာပရိသတ်တွေဟာ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ပယ်ဒရီရဲ့ အံ့မခန်းကောင်းမွန်တဲ့ သွင်းဂိုးကြောင့် မင်သက်ခဲ့ရပြီး အသက် ၂၀ အရွယ် ကွင်းလယ်ကြယ်ပွင့်ကို လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ အဝါရောင်ရေငုပ်သမားတွေနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပယ်ဒရီဟာ ရောဘတ် လယ်ဗန်ဒေါ့ဗ်စကီးနဲ့ ဝမ်းတူးရိုက်ပြီးနောက် ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ ကျောနံပါတ် ၈ ဟာ လက်ရှိမှာတော့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ သွင်းဂိုး ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ကိုပါဆုရှင်ဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာနေပုံပေါ်နေတာဖြစ်ပါတယ်။
ပယ်ဒရီဟာ ယခုရာသီ ဘာစီလိုနာအသင်းရဲ့ လွှမ်းမိုးမှုအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၂၉ ပွဲ ပါဝင်ကစားပေးထားခဲ့ရာမှာ သွင်းဂိုး ၇ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ ပယ်ဒရီရဲ့ ခြေစွမ်းကြောင့် လီယွန်နယ် မက်ဆီ လက်သစ်လို့ သတ်မှတ်ခဲ့ကြပြီး စပိန်ကွင်းလယ်ကြယ်ပွင့်ရဲ့ခြေထောက်ထဲမှာ ဘောလုံးရှိနေတဲ့အချိန်မှာ အာဂျင်တီးနားမှော်ဆရာနဲ့တုန်းကလို လုံခြုံစိတ်ချရတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက ပယ်ဒရီဟာ ၎င်းရဲ့ အသက်အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုကြောင့် ကြီးမြတ်တဲ့ ကစားသမားဖြစ်လာဖို့အတွက် ရည်မှန်းထားသူဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ပယ်ဒရီနဲ့ပတ်သက်ပြီး ဆုကြီး ပေါက်ခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ဇာဗီရဲ့အသင်းဟာ လက်ရှိမှာတော့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်က အနိုင် ၃ မှတ်ကြောင့် လာလီဂါအမှတ်ပေးဇယား ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး လာလီဂါ ၂၁ ပွဲကနေ ရမှတ် ၅၆ မှတ်အထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပရိသတ်တွေဟာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းက ပယ်ဒရီရဲ့ စွမ်းဆောင်ရည်ကို မချီးကျူးဘဲ မနေနိုင်ခဲ့ကြတာဖြစ်ပြီး ပွဲအပြီးမှာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ "ပယ်ဒရီက မက်ဆီလက်သစ်ပဲ။ သူ ဘောလုံးရတဲ့အချိန်မှာ လုံခြုံတယ်လို့ ခံစားခဲ့ရတယ်။ မက်ဆီတုန်းက ခံစားခဲ့ရတဲ့အတိုင်း ထပ်တူပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "ပယ်ဒရီ မကောင်းဘူးလို့ ပြောနေတဲ့သူတွေ မှန်ပါတယ်။ သူက အရမ်းကို ကောင်းတာပါ။ ထိပ်တန်းအဆင့်မှာ သမိုင်းဝင်ကစားသမားဘဝကို တည်ဆောက်နိုင်မယ့် ပါရမီနဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ သူက ခေတ်တစ်ခေတ်ကို ထူထောင်ဖို့ ရည်သန်ထားတယ်။ မင်းက ကြီးမြတ်မှုအတွက် ရည်သန်ထားတဲ့သူပဲ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။