မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီကနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဥ်မတိုင်ခင် ပြိုင်ဘက်ကို ဂုဏ်ပြုတဲ့အစီအစဥ် မပြုလုပ်ပေးနိုင်ဘူးလို့ သွယ်ဝိုက်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ပထမဆုံးအဖြစ် အခု မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။
ရီးရဲလ်မက်ဒရစ်ဟာ အက်စ်ပန်ညိုကို လေးဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် လာလီဂါ ချန်ပီယံဖြစ်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက် အက်သလက်တီကိုအပြင် အိုဆာဆူနာကလည်း ရီးရဲလ်မက်ဒရစ်ကို ဂုဏ်ပြုဖို့ ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် ဒီကနေ့ည ချန်ပီယံလိဂ်ပွဲမတိုင်ခင် မန်စီးတီးအနေနဲ့ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို လက်ခုပ်တီးဂုဏ်ပြုမှာလားဆိုတဲ့မေးခွန်းတွေရှိနေပါတယ်။
သတင်းထောက်က ဂွါဒီယိုလာကို “ခင်ဗျားအနေနဲ့ ရီးရဲလ်မက်ဒရစ် လာလီဂါချန်ပီယံဖြစ်တဲ့အပေါ် ဂုဏ်ပြုပေးမယ့် အစီအစဥ်ရှိလား” လို့ မေးမြန်းခဲ့ပါတယ်။ ဒီအပေါ်မှာ ဂွါဒီယိုလာက “ရီးရဲလ်မက်ဒရစ်က ချန်ပီယံဖြစ်သွားလို့ ခင်ဗျား ဒါမျိုးမေးတာလား? ကျနော်တို့အသင်းရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ ကျနော် ရီးရဲလ်မက်ဒရစ်ကို ဂုဏ်ပြုပါတယ်”
“ဒါပေမယ့် လာလီဂါပြိုင်ပွဲဆိုတာက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကွဲပြားခြားနားပါတယ်” လို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ခါးသီးမဟာပြိုင်ဘက် ဘာစီလိုနာမှာ နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့အားပြိုင်မှုတွေရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့ အဝေးကွင်းမှာ ခံစစ်ပိုင်းအားနည်းချက်တွေနဲ့အတူ မန်စီးတီးကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လာလီဂါချန်ပီယံဆုနဲ့ ပူပူနွေးနွေး အောင်ပွဲခံထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့တော့ ဒီကနေ့ညမှာ မန်စီးတီးကို ဖြတ်ကျော်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။