ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်က ပြီးခဲ့တဲ့အပတ်က လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရခဲ့ပုံနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးသားပါ။
ပြီးခဲ့တဲ့အပတ်က ကာဒစ်ဇ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂျီရိုနာက ဘာစီလိုနာကို ၄-၂ ဂိုးနဲ့ နိုင်ခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရီးရဲလ်နဲ့ ကာဒစ်ဇ်ပွဲက အရင်ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာပွဲက နောက်မှ ကစားခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ရီးရဲလ်ကစားသမားတွေက ဘာစီလိုနာပွဲရဲ့ ရလဒ်ကို အတူတကွ စောင့်ကြည့်ခဲ့ကြပြီး ဘာစီလိုနာက ရှုံးပွဲကြုံခဲ့တာကြောင့် စောစောစီးစီးပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ တိုနီကရူးစ်က “ကျွန်တော်တို့ရဲ့ ပွဲကို ကျွန်တော်တို့ အနိုင်ကစားပြီးပါပြီ”
“အဲ့ဒီအချိန်မှာ ဘာစီလိုနာက ၂-၁ ဂိုးနဲ့ ဦးဆောင်ထားတော့ ကျွန်တော်လည်း အိမ်ပြန်မယ်ပဲ လုပ်ခဲ့တာပေါ့။ ဒါပေမယ့် အကုန်လုံးက ကျွန်တော့်ကို ဆက်နေခိုင်းကြပါတယ်။ နောက် (၅) မိနစ်လောက်ကြာတော့ သူတို့ ၄-၂ ဂိုးနဲ့ ရှုံးသွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့အားလုံး ဟော့ဒေါ့စားနေကြတာပါ”
“အိမ်မပြန်သွားတာက ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ စပိန်စူပါဖလား၊ လာလီဂါအမှတ်ပေးချန်ပီယံဆုတို့ကို ဆွတ်ခူးထားပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။