စပိန်လာလီဂါဖလား ပွဲများကို Facebook လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကနေ ဖလားရာသီ ၃ ခုစာအထိ အခမဲ့ထုတ်လွှင့် ပြသသွားမယ်လို့ဆိုပါတယ်။ Facebook ပေါ်ကနေ လာလီဂါပွဲစဉ်တွေ ကြည့်လို့ရမယ့်စာရင်းမှာ မြန်မာနိုင်ငံတော့ ပါမလာပါဘူး။
Photo: Channel News Asia
သောကြာနေ့ကနေ စတင်သွားမယ့် ဘောလုံးရာသီသစ်အတွက် လာလီဂါဖလားပွဲပေါင်း ၃၈၀ ကိုအိန္ဒိယတိုက်ငယ်အတွင်းရှိ နိုင်ငံများဖြစ်တဲ့ အိန္ဒိယ ၊ အာဖဂန်နစ္စတန် ၊ ဘင်္ဂလားဒေ့ချ် ၊ ဘူတန် ၊ နီပေါ ၊ မော်လ်ဒိုက် ၊ သီရိလကာၤနဲ့ပါကစ္စတန်နိုင်ငံများမှ ဘောလုံးဝါသနာအိုးများ ကြည့်ရှုနိုင်မယ်လို့လည်း သိရပါတယ်။
"ပြီးခဲ့တဲ့ ၂ နှစ်က ကျွန်တော်တို့ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေထဲက တစ်ခုက Facebook လိုမျိုး အခမဲ့ ပလက်ဖောင်းကနေ ဘောလုံးပရိတ်သတ်သစ်တွေဆီ အရောက်ပို့ဆောင်ပေးနိုင်ဖို့ပါ။ အိန္ဒိယလိုမျိုး သုံးစွဲသူသန်း ၂၇၀ ရှိထားတဲ့ Facebook ဟာ ကျွန်တော်တို့အတွက် အခရာပါပဲ" လို့လာလီဂါ ဒစ်ဂျစ်တယ်နည်းဗျူဟာအကြီးအကဲ ဖြစ်သူ အဲလ်ဖရက်ဒို ဘာမီဟိုက ဆိုပါတယ်။
Facebook ဟာ လာလီဂါနဲ့ဘောလုံးပွဲစဉ်များ ထုတ်လွှင့်ပြသခွင့်အတွက် သဘောတူညီထားတဲ့ ငွေကြေးပမာဏကိုတော့ မကြေငြာခဲ့ပါဘူး။ ယခုသဘောတူညီချက်ဟာ အိန္ဒိယတိုက်ငယ်အတွင်း လာလီဂါပွဲစဉ်ပြသခွင့် ရထားခဲ့တဲ့ Sony Pictures Network ပေါ် လှုပ်ခတ်မှုရှိခဲ့ပါတယ်။ Sony ဟာ ၂၀၁၄ ကနေ ၂၀၁၈ အထိ လာလီဂါပွဲစဉ်များ ပြသခွင့်အတွက် ဒေါ်လာ ၃၂ သန်း ပေးထားခဲ့တာပါ။
ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်မှာ လူငယ်ဘောလုံးပရိတ်သတ်အားပေးမှု များလာတဲ့ အားကစားပွဲများ ထုတ်လွှင့်ပြသခွင့်အတွက် နည်းပညာကုမ္ပဏီများဟာ အပြိုင်အဆိုင် ကြိုးပမ်းလာကြပါတယ်။ဒီနှစ်ဆန်းပိုင်းကပဲ Amazon ဟာ ၂၀၁၉ ဘောလုံးရာသီအတွက် ဗြိတိန်မှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀ ပြသခွင့် လေလံရထားခဲ့ပါတယ်။
Photo: Deccan Chronicle
Facebook ကတော့ အာရှဒေသတွင်း နိုင်ငံများမှာ ပရီးမီးယားလိဂ် ပွဲစဉ်များ ပြသခွင့် ၃ နှစ်အတွက် ပေါင်သန်း ၂၀၀ ကျော်နဲ့ဝယ်ယူထားတယ်လို့ဆိုပါတယ်။ Facebook ဟာ မေဂျာလိဂ်နဲ့လာလီဂါပွဲစဉ်များအတွက်ပါ တိုက်ရိုက် တင်ဆက်ခွင့်ရထားပြီး ပရီးမီးယားလိဂ်ကတော့ အကြီးဆုံးအားကစားစီးပွားရေးဖြစ်လာဖို့လည်း ရှိနေပါတယ်။