ယူနိုက်တက်ကနေ ဂီတာဖေးကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ သူ့ရဲ့ လာလီဂါကစားသမားဘဝ ပထမဆုံးပွဲမှာ ပြိုင်ဘက် အိုဆာဆူနာပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်ခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂီတာဖေးက အဆိုပါပွဲမှာ အိုဆာဆူနာကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂီတာဖေးနဲ့ အိုဆာဆူနာတို့ပွဲမှာ ဂရင်းဝုဒ်က နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ပွဲပြန်ကစားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဂီတာဖေးအတွက် လူစားဝင်ကစားပေးခဲ့ပါတယ်။ ဒီလိုမျိုး ဂရင်းဝုဒ်ရဲ့ တစ်ကျော့ပြန်ပွဲမှာ အဝေးကွင်းအထိ လိုက်ပါအားပေးတဲ့ အိုဆာဆူနာ ပရိသတ်အချို့က “ဂရင်းဝုဒ်၊ သေလိုက်” လို့ အော်ဟစ်ခဲ့ကြတာပါ။
အဆိုပါပွဲမှာ ဂရင်းဝုဒ်က လူစားဝင်လာပြီးနောက် ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ကို ပြိုင်ဘက်ကစားသမားက ဟန့်တားသွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဂရင်းဝုဒ်ဟာ ဂီတာဖေးကို ရောက်လာချိန်ကတည်းက ဂီတာဖေးပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားပြီးဖြစ်ပါတယ်။
အင်္ဂလန်လူမျိုး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလမှာ အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရပါတယ်။ ဂရင်းဝုဒ်ဟာ လက်ရှိမှာတော့ အမှုကနေ လုံးဝကင်းလွတ်ခဲ့ပြီဖြစ်ပေမယ့် ယူနိုက်တက်အသင်းတွင်းမှာ သူ့ကို ဆန့်ကျင်မှုတွေရှိခဲ့တာကြောင့် လာလီဂါကို ပြောင်းရွှေ့ခဲ့ရတာပါ။
အခု လာလီဂါမှာလည်း အသင်းသစ်အတွက် ပထမဆုံး လူစားဝင်ကစားပေးခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဂရင်းဝုဒ်ကို ခေါ်ယူခဲ့တဲ့ ဂီတာဖေးကိုလည်း ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပေမယ့် အသင်းဘက်ကတော့ ဂရင်းဝုဒ်ဟာ လက်ရှိမှာ တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးမှုတွေမရှိနေတော့တာကြောင့် ခေါ်ယူခြင်းဖြစ်ကြောင်း ကာကွယ်သွားခဲ့ပါတယ်။