ကာတာကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ နေမာကဆိုခဲ့တာပါ။

ဘရာဇီးနဲ့ PSG တိုက်စစ်ကစားသမား နေမာက သူ့အနေနဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် ရေရှည်ခရီးဆက်ဖို့ စိတ်ပိုင်းဆိုင်ရာအရ လုံလောက်မှုမရှိဘူးလို့ ဝန်ခံခဲ့ပြီး လာမယ့် (၂၀၂၂)၊ ကာတာကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။



နေမာဟာ ဘရာဇီးနဲ့အတူ (၂၀၁၄)၊ (၂၀၁၈) ကမ္ဘာ့ဖလားတို့ကို ဝင်ရောက်ဆင်နွှဲခဲ့ဖူးပေမယ့် အဲ့ဒီပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်အဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ (၂၀၂၂) ကမ္ဘာ့ဖလားကျင်းပဖို့ တစ်နှစ်တောင် မလိုတော့ချိန်မှာတော့ နေမာက သူ့အနေနဲ့ နိုင်ငံတကာ ကစားသမားဘဝကို ကာလရှည်ခရီးဆက်ဖို့ ဆန္ဒမရှိကြောင်းနဲ့အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

နေမာဟာ သူ့ရဲ့ကစားသမားဘဝမှာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး သူ့ရဲ့ကွင်းပြင်ပ နေထိုင်မှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ လာမယ့်ကမ္ဘာ့ဖလားအလွန် နောက်ပိုင်းကာလနဲ့ ပတ်သက်လို့ နေမာက “ကျွန်တော့်စိတ်ထင် ကာတာကမ္ဘာ့ဖလားက ကျွန်တော့်အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ပါလိမ့်မယ်”

“ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ ဘောလုံးနဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ဆက်ပြီး တောင့်ခံနိုင်စွမ်းရှိ၊ မရှိ မသိနိုင်လို့ပါ။ ဒီတော့ လာမယ့်ကမ္ဘာ့ဖလားမှာ ကျွန်တော့်နိုင်ငံအသင်း ကမ္ဘာ့ဖလားရဖို့ ကျွန်တော် အရာအားလုံး လုပ်သွားမှာပါ။ ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးဖို့က ကျွန်တော် ငယ်ငယ်လေးတည်းက ကြီးကျယ်ခမ်းနားခဲ့တဲ့ အိပ်မက်ပါ။ ကျွန်တော်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

(၂၀၁၄) ကမ္ဘာ့ဖလားကို ဘရာဇီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဲ့ဒီအချိန်က အိမ်ရှင်ဘရာဇီးတို့ ဗိုလ်စွဲဖို့ အထူးဆန္ဒပြင်းပြခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ဂျာမနီကို ၁-၇ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသလို နေမာကလည်း ဒဏ်ရာကြောင့် အဲ့ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ (၂၀၁၈) ရုရှားကမ္ဘာ့ဖလားမှာလည်း ဘရာဇီးက ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း နေမာက သူ့အတွက် နောက်ဆုံးဖြစ်လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားမှာ ဘရာဇီးနဲ့အတူ ဗိုလ်စွဲဖို့ ဆန္ဒပြင်းပြနေပြီး နေမာရဲ့ဆန္ဒတွေ အမှန်တကယ်ဖြစ်လာနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က