လာမယ့်နှစ်ဘလွန်းဒီအော်အတွက် ရော်နယ်ဒိုမျှော်လင့်ချက်ရှိမယ်လို့ ဖာဒီနန်ကယုံကြည်နေတာပါ။

ရော်နယ်ဒိုအနေနဲ့ လက်ရှိ ယူနိုက်တက်မှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် လာမယ့် (၂၀၂၂) အတွက် ဘလွန်းဒီအော်ဆုကို ပြန်လည်စိန်ခေါ်နိုင်လိမ့်မယ်လို့ ဖာဒီနန်က သုံးသပ်ပြောကြားခဲ့ပါတယ်။ ဖာဒီနန်ဟာ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက်ပိုင်း ရော်နယ်ဒိုနဲ့ပတ်သက်သမျှ ကိစ္စတွေ ကာကွယ်ပြောကြားပေးနေကျပါ။



ရော်နယ်ဒိုရဲ့ ပထမအကြိမ် ယူနိုက်တက်ကစားသမားဘဝမှာ ဖာဒီနန်နဲ့ရော်နယ်ဒိုတို့ အသင်းဖော်တွေဖြစ်ခဲ့ဖူးပြီး ယူနိုက်တက်ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်၊ ရော်နယ်ဒိုကို ဝိုင်းဝန်းဝေဖန်ချိန်မှာတောင် ဖာဒီနန်က ရော်နယ်ဒိုရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က လက်ရှိ (၂၀၂၁) ဘလွန်းဒီအော်အတွက် ဂျော်ဂျင်ဟို ရေပန်းစားတာမဖြစ်သင့်ကြောင်း၊ လီဝန်ဒေါစကီးသာရသင့်ကြောင်း ပြောကြားထားပြီး အခုချိန်မှာတော့ လာမယ့်နှစ် ဘလွန်းဒီအော်အတွက် ရော်နယ်ဒိုရဲ့အလားအလာကိုပါ ယုံကြည်မှုအပြည့်နဲ့ သုံးသပ်ပြောကြားလာခဲ့တာပါ။

ဖာဒီနန်က “ရော်နယ်ဒိုအတွက် ဘလွန်းဒီအော် မျှော်လင့်ချက်ပြီးဆုံးသွားပြီဆိုတာ မဟုတ်ပါဘူး။ အဲ့ဒီလိုတပ်အပ်ပြောဖို့ ခက်ခဲပါတယ်။ အဲ့ဒီလိုမျိုး ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘဲ မက်ဆီနဲ့ရော်နယ်ဒိုနာမည်ကတော့ အမြဲတမ်းပါနေဦးမှာပါ။ အခု ဒီနှစ်အတွက် ရော်နယ်ဒိုရေပန်းမစားတာက ဂျူဗင်တပ်စ်နဲ့အတူ အမှတ်ပေးဖလားမရခဲ့တာ၊ သူလည်း ဂိုးတွေအများကြီးမသွင်းနိုင်ခဲ့တာကြောင့်ပါ။ ဒါပေမယ့် အခုချိန်မှာ ရော်နယ်ဒိုလုပ်ပြနေတဲ့အရာတွေကြောင့် လာမယ့်နှစ်မှာ သူ ဒီဆုအတွက် ထပ်ပြီး ရေပန်းစားလာဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိဘောလုံးရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းပြကစားနေပြီး ချန်ပီယံလိဂ် အုပ်စုပွဲစဥ် (၄) ပွဲကစားပြီးချိန်မှာ (၅) ဂိုးသွင်းယူထားပြီး ဗီလာရီးရဲယ်၊ အတ္တလန်တာနဲ့ အိမ်ကွင်း၊ အဝေးကွင်းပွဲ (၃) ပွဲဆက်တိုက် သူ့ရဲ့နောက်ကျဂိုးတွေနဲ့အတူ ယူနိုက်တက်ကို ကယ်ဆယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြဆိုးလ်ရှားရဲ့အနေအထားက ဆုဖလားမျှော်လင့်နိုင်ခြေ အလွန်နည်းပါးနေတာကြောင့် အသင်းလိုက်အောင်မြင်မှုသာ ပျောက်ဆုံးခဲ့ရင် ရော်နယ်ဒိုရဲ့ တစ်ဦးချင်းစွမ်းရည်တွေကလည်း မှေးမှိန်သွားဖို့ရှိနေပါတယ်။ 

Share

က္က