ဟာလန်းအတွက် ယူနိုက်တက်အသင်းတွင်းမှာ သဘောတူညီမှုတစ်ခုရရှိခဲ့တာပါ။

ယူနိုက်တက် ဒါရိုက်တာ ဂျွန်မာတာ့ဖ်နဲ့ နည်းပြ ဆိုးလ်ရှားတို့ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဗဟိုတိုက်စစ်မှူးနေရာအတွက် ဟာလန်းကို အရခေါ်ယူဖို့ နှစ်ယောက် သဘောတူညီ ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။



ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် ရေရှည်အတွက် အားကိုးရမယ့် တိုက်စစ်မှူးတစ်ယောက် လိုအပ်နေဆဲဆိုတာကို အသင်းတာဝန်ရှိသူတွေက သဘောပေါက် နားလည်ထားပြီးဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချို၊ ဗာရန်း၊ ရော်နယ်ဒိုတို့အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း (၁၀၀) ကျော် အသုံးပြုခဲ့ပြီး လာမယ့်နွေရာသီမှာတော့ ဗဟိုတိုက်စစ်မှူးနေရာအတွက် ငွေကြေးအလုံးအရင်း ထပ်မံသုံးစွဲသွားဖို့ ပြင်ဆင်ထားတာပါ။

ယူနိုက်တက်အနေနဲ့ သူတို့ကာလရှည် စိတ်ဝင်စားခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုရော မန်စီးတီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနိုင်မလားလို့ ပရိသတ်တွေအကြား မေးခွန်းတွေရှိနေပေမယ့် လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့အတွက် အဓိကျတဲ့ ဒါရိုက်တာ မာတာ့ဖ်နဲ့ ဆိုးလ်ရှားတို့က ဟာလန်းကိုသာ အရခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ မန်ချက်စတာညနေခင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ဆောင်းရာသီတုန်းကလည်း ဟာလန်းကို ဆဲလ်ဘာ့ဂ်ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က အသင်းအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်ကိုယ်တိုင် ဟာလန်း၊ အေးဂျင့် ရွိုင်အိုလာတို့နဲ့ ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟာလန်းက ဒေါ့မွန်ကိုသာ ရွေးချယ်သွားခဲ့တာပါ။

ဟာလန်းဟာ ဒေါ့မွန်ကစားသမားဘဝမှာလည်း ပြိုင်ပွဲစုံ (၆၇) ပွဲကစား၊ (၆၈) ဂိုးသွင်းယူထားပြီး ရော်နယ်ဒို၊ မက်ဆီတို့ အလွန် ဘောလုံးလောကကို ဦးဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သူ့ရဲ့ ကစားပုံကလည်း ကြံ့ခိုင်မှုအသားပေး ပရီးမီးယားလိဂ်နဲ့ အဆင်ပြေနိုင်ပြီး လာမယ့်နွေရာသီမှာ စာချုပ်ပါ လျော်ကြေး ယူရို (၇၅) သန်းအထိ ကျဆင်းမှာကလည်း အားသာချက်ပါ။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့ကလည်း ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားလာနိုင်ဖွယ်ရှိပြီး ယူနိုက်တက်တို့ ဆိုးလ်ရှားနဲ့ဟာလန်းအကြား ရင်းနှီးတဲ့ဆက်ဆံရေး၊ ရော်နယ်ဒိုရှိနေခြင်း အစရှိတာတွေကို အသုံးချပြီး ဟာလန်းကို အရခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာပါ။ 

Share

က္က