ဘာစီလိုနာအနေနဲ့ လာမယ့်နွေရာသီမှာလည်း ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းနဲ့ ဆက်လက်ရင်ဆိုင်ရဖွယ်ရှိပြီး ဒီအကြောင်းကိုလည်း လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယာတီဘက်စ်က သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာရဲ့ ကြွေးမြီပမာဏက ယူရို (၆၅၆) သန်းအထိရှိနေပြီး ယူရိုသန်း (၅၀၀) အောက်အထိ လျှော့ချရဦးမှာပါ။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း အလားတူအကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ မူပိုင်ခွင့်အချို့ကို ထုတ်ရောင်းကာ ဖြေရှင်းခဲ့ရပါတယ်။ ဘာစီလိုနာအနေနဲ့ လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ကွန်ဒေးတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် အသင်းရဲ့ကစားသမားအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ရရှိဖို့ တော်တော်လေး ကြိုးစားခဲ့ရပြီး ကွန်ဒေးဆိုရင် အသင်းရဲ့ ပွဲစဥ်အချို့ကိုပါ လွဲချော်ခဲ့ရပါတယ်။
လာမယ့်နွေရာသီမှာလည်း ဘာစီလိုနာရဲ့ အနေအထားနဲ့ပတ်သက်လို့ လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယာတီဘက်စ်က “ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်က ထွက်ရရင် ဝင်ငွေနည်းသွားနိုင်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း သူတို့အတွက် အပိုဆုကြေးပေးစရာမလိုတော့ပါဘူး။ ဒီတော့ ဒီကိစ္စက အများကြီး မပြောင်းလဲသွားပါဘူး။ ဒါပေမယ့် သူတို့အခု ဒီရာသီမှာ လုပ်ခဲ့တဲ့ စီးပွားရေးလီဗာတွေက ဒီရာသီအတွက်ပဲဖြစ်ပါတယ်”
“နောက်ရာသီအတွက် မဟုတ်ပါဘူး။ သူတို့အနေနဲ့ လစာနှုန်းထားတွေကို ထပ်မံလျှော့ချရဦးမှာပါ။ သူတို့အခုတိုင်း ယူရိုသန်း (၅၀၀) အထက် အကြွေးနဲ့ ရှေ့ဆက်လို့မရပါဘူး။ အဲ့ဒီလိုမှမဟုတ်ရင်တော့ သူတို့ လာမယ့်ရာသီမှာလည်း တစ်အချိုး လေးအချိုး စည်းကမ်းနဲ့ ထပ်မံရင်ဆိုင်ရဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီသတင်းကြောင့် ဘာစီလိုနာတို့ လာမယ့်ရာသီမှာ အသင်းရဲ့ ဝါရင့် ကစားသမားတွေဖြစ်တဲ့ ပီကေး၊ အယ်လ်ဘာ၊ ဘတ်စ်ကွက်စ်တို့ကို လက်လွှတ်သွားဖို့ ပြင်ဆင်ဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့နွေတည်းက ဘာစီလိုနာတို့ ပီကေး၊ အယ်လ်ဘာတို့နှစ်ယောက်ကို အသင်းကနေ ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီကစားသမားနှစ်ယောက်လုံးက ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆန္ဒရှိခဲ့တာကြောင့် အသင်းအနေနဲ့ လာမယ့်နွေမှာလည်း အခက်တွေ့ဖွယ်ရှိပါတယ်။