၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်မှာ ကျင်းပမဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦးကို အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောကြားချက်အရ သိရပါတယ် ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးကနေ တင်ပြလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေတွေနဲ့အညီ စစ်ဆေးစိစစ်ခဲ့တာလို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ် ။
"နောက်ဆုံးအတည်ပြုတဲ့ စာရင်းအရဆိုရင် လွှတ်တော်အလိုက်ပြည်သူ့လွှတ်တော်မှာ ဆိုလို့ရှိရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၈၆၃) ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း (၇၁) ဦး စုစုပေါင်း (၁၉၃၄) ဦးရှိပါတယ်။ အမျိုးသားလွှတ်တော်မှာဆိုရင် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်း(၉၄၇) ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် လောင်း (၂၉) ဦးစုစုပေါင်း (၉၇၆) ဦးရှိပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် မှာဆိုရင် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်း(၃၇၀၀) ဦးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ် လောင်း (၁၄၇) ဦး၊ စုစုပေါင်း (၃၈၄၇) ဦးရှိပါတယ်။ တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ်အတွက်မှာ နိုင်ငံရေး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းက (၁၇၉) ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် လောင်း (၃၃) ဦး၊ စုစုပေါင်း (၂၁၂) ဦးဖြစ်ပါတယ်။ အဲဒီတော့ လွှတ်တော်သုံးရပ်ပေါင်းမှာ ဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၆၈၉) ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း(၂၈၀)ဦးဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် (၆၉၆၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်" လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ် ။
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မူလက ကိုယ်စားလှယ်လောင်း (၇၀၃၀)ဦးလျှောက်ထားခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းတင်သွင်းလွှာတွေကို ပြန်ရုပ်သိမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၆)ဦးရှိခဲ့ပါတယ် ။
ဒါ့အပြင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဥပဒေ ၊ နည်းဥပဒေအရ အမည်စာရင်းတင်သွင်းလွှာ ( ၃၅ )ဦးပယ်ချခဲ့ပေမဲ့လည်း သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ စာရွက်စာတမ်းတောင်းယူစစ်ဆေးခဲ့ပြီး တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် (၆)ဦးကို ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
.