အသက် (၄၆)နှစ်အရွယ် နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ် ဒီဇင်ဘာလ (၁၉)ရက်နေ့က စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
လာမယ့် နိုင်ငံတကာဘောလုံးပွဲစဉ်တွေအတွက် အမှတ်ပေးလိဂ်ပြိုင်ပွဲတွေကို ရပ်နားထားချိန်မှာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ အသင့်ဖြစ်နေပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အသက် (၄၆)နှစ်အရွယ် နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ် ဒီဇင်ဘာလ (၁၉)ရက်နေ့က စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်ရှားလက်ထက်မှာ စုစုပေါင်း (၁၈)ပွဲ ကစားခဲ့အပြီး ယူနိုက်တက်ဟာ နိုင်ပွဲ (၁၄)ပွဲ၊ သရေ (၂)ပွဲ နဲ့ ရှုံးပွဲ (၂)ပွဲ ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိခဲ့ပြီး အသင်းကို ကွာတားဖိုင်နယ်အရောက် ပို့ပေးနိုင်ခဲ့တဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ယူနိုက်တက်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာ ဆိုးလ်ရှားက အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာတော့မယ်လို့လည်း အခြားသော ဗြိတိန်မီဒီယာတစ်ခုဖြစ်တဲ့ Daily Mirror ကလည်း ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ဂယ်ရီနဗီးလ်ကလည်း ဆိုးလ်ရှားဟာ ဒီလအတွင်းမှာပဲ အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးခံရမယ်လို့ ယုံကြည်နေပါတယ်။
"နိုင်ငံတကာပွဲတွေ ကစားဖို့ ရှိနေတဲ့ ရက်သတ္တပတ်အတွင်းမှာမှ ဆိုးလ်ရှားက အမြဲတမ်းနည်းပြဖြစ်မလာဘူးဆိုရင်တော့ ဒါက ကျွန်တော့်ကို တော်တော်လေးအံ့အားသင့်မိပါစေလိမ့်မယ်၊ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော် မယုံကြည်ပါဘူး၊ အသင်းကို သူပထမဆုံး ရောက်ရှိလာပြီးကတည်းက ပရိသတ်တွေ၊ ကစားသမားတွေနဲ့ လူတိုင်းက ပျော်ရွှင်နေခဲ့ရတာပါ" လို့ ဂယ်ရီနဗီးလ်က ပြောသွားခဲ့ပါတယ်။
ဆိုးလ်ရှားကိုယ်တိုင်လည်း အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ဆန္ဒထက်သန်နေပြီး အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ဆိုးလ်ရှားဟာ ယူနိုက်တက်မှာ တစ်နှစ်လုပ်ခ ပေါင် (၇.၅)သန်းအထိ ရရှိဖွယ်လည်း ရှိတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ပွဲအဖြစ် အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မှာ ဝုလ်ဗ်နဲ့ မတ်လ (၁၇) ရက်မှာ ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာ ပွဲစဉ်တွေ ခေတ္တရပ်နားထားမှာဖြစ်ပြီး မတ်လ (၃၀)ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဖို့ဒ်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။