ဂလေဇာက ထုတ်ပေးမယ့် ဒီပေါင် သန်း ၂၀၀ ကတော့ အမြဲတမ်း နည်းပြအဖြစ် မန်ယူအသင်းကို ကိုင်တွယ်ခွင့်ရလာမယ့်သူက အသုံးပြုခွင့်ရလာမှာလည်း ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့က လာမယ့် နွေရာသီဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူ နိုင်ဖို့ ပေါင်သန်း၂၀၀ အထိ ထုတ်ပေးသွားမယ်လို့ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီသန်း ၂၀၀ ကိုတော့ လာမယ့် ရာသီသစ်မှာ အသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာမယ့်သူက သုံးစွဲသွားနိုင်ဖို့ရှိနေပြီး လက်ရှိ ယာယီနည်းပြ ဆိုးလ်ရှားနေရာမှာ ပွန်ချက်တီနိုကို အစားထိုးသွားမယ်လို့လည်း သတင်းတွေက ဖော်ပြနေပါသေးတယ်။
ဆိုးလ်ရှားကတော့ - “ ကစားသမားတွေရဲ့ ဖြစ်နိုင်ချေကို ကျွန်တော်တို့သိပါတယ်၊ သူတို့ ဘယ်လောက်ကြိုးစားခဲ့လဲ၊ ဘယ်လောက် ပြန်လည်တည်ဆောာက်ခဲ့ရလဲဆိုတာ သိသာပါတယ်။ ကလပ်အသင်းက ကျွန်တော့်အကြံကို အမြဲတမ်း ရယူနိုင်ပါတယ်။ ဒီအချိန်မှာတော့ ကျွန်တော့်အကြောင်း မပြောချင်သေးပါဘူး။” လို့ ပြောခဲ့ပါတယ်။
ဆိုးလ်ရှားက သူ့အနေနဲ့ မန်ယူပွဲမကစားခင်တိုင်း ဆရာဟောင်း ဖာဂူဆန်နဲ့ တွေ့ဆုံလေ့ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ ဆိုးလ်ရှားအနေနဲ့ မိုလ်ဒီအသင်းက ပြိုင်ပွဲမရှိသေးလို့ မန်ယူကို ယာယီနည်းပြအဖြစ် တာဝန်ယူနေတာဖြစ်ပြီး ယခုအခါ မိုလ်ဒီအသင်းပိုင်ရှင်က ပြန်မလာတော့ရန်လည်း ပြောထားပါတယ်။ မန်ယူကတော့ ဆိုးလ်ရှားလက်ထက်မှာ ရှုံးပွဲလုံးဝမရှိသေးဘဲ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၆ ကနေ အဆင့် ၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။