မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီကို ကမ်းလှမ်းမယ်လို့ သိရပြီး အင်တာမီလန်အသင်းကလည်း လူကာကူကို အလိုရှိတယ်လို့ ဆိုပါတယ်။
လူကာကူဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပေမယ့် ယမန်နေ့က ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လူကာကူကို လွန်ခဲ့တဲ့ ၂ နှစ်က အဲဗာတန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လူကာကူဟာ အဲဗာတန်အသင်းတုန်းက ခြေစွမ်းမျိုး မပြသနိုင်သူဖြစ်ပါတယ်။
ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှား ရောက်ရှိလာချိန်ကတည်းက လူကာကူထက် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို မာရှယ်နဲ့တွဲဖက်ပြီး အထောင်တိုက်စစ်နေရာမှာ ပွဲထွက်ကစားစေခဲ့တာဖြစ်ပြီး Express က အင်တာမီလန်အသင်းဟာ လူကာကူကို ခေါ်ယူလိုနေကြောင်း ဖော်ပြခဲ့ပါတယ်။ အီကာဒီဟာ အင်တာမီလန်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ရရှိနေသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် လက်ရှိလုပ်ခလစာထက် ၂ ဆ အလွယ်တကူ ရရှိမှာဖြစ်ပါတယ်။