နာနီက ရော်နယ်ဒိုဟာ အမေရိကမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ သူ့ကို ဖွင့်ဟပြောဆိုခဲ့ဖူးကြောင်း ပြန်လည်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ အသင်းဖော်ဟောင်းနာနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နာနီက ရော်နယ်ဒိုဟာ အမေရိကမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ သူ့ကို ဖွင့်ဟပြောဆိုခဲ့ဖူးကြောင်း ပြန်လည်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
နာနီနဲ့ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် နဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့မှာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပါတယ်။ နာနီကတော့ လက်ရှိမှာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအတွက် ကစားပေးနေပြီး ရော်နယ်ဒိုကိုတော့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
"ပြီးခဲ့တဲ့ နှစ်နှစ်လောက်က သူ ကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်၊ သူ့ရဲ့ကစားသမားဘဝကို အမေရိကမှာ အဆုံးသတ်ဖွယ်ရှိတယ်ဆိုတာကိုပေါ့၊ ဒါက ရာနှုန်းပြည့်သေချာတာမျိုးမဟုတ်ပေမယ့် ဖြစ်နိုင်ပါတယ်၊ ဒါကအခွင့်အရေးတစ်ခုပါ၊ မေဂျာလိဂ်က ကြီးကျယ်ခမ်းနားတဲ့ လိဂ်တစ်ခုလည်းဖြစ်ပါတယ်" လို့ နာနီကပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
နာနီကတော့ မေဂျာလိဂ်ကို ရော်နယ်ဒို ပြောင်းရွှေ့လာမယ်ဆိုရင်တော့ ကြိုဆိုနေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ အီတလီမှာ လူစောင့်ကြည့်အခံရဆုံးကစားသမားဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ သတင်းတွေ အဆက်မပြတ်ထွက်နေခဲ့ပြီး မနေ့ညက ကိုပါအီတာလီယာဗိုလ်လုပွဲမှာလည်း နာပိုလီကို အရေးနိမ့်ခဲ့လို့ ရော်နယ်ဒိုအတွက် စိတ်ပျက်စရာဖြစ်လာခဲ့ပြန်ပါတယ်။
"ကျွန်တော်တို့က လိဂ်တစ်ခုကို တိုးတက်မှုတွေရှိလာအောင် လိုအပ်တဲ့အချက်တွေရှိတယ်ဆိုတာ ထင်ရှားပါတယ်၊ ဒီမှာဆိုရင် အရည်အသွေးရှိတဲ့ကစားသမားတွေရှိနေပြီး စိတ်လှုပ်ရှားစရာကလပ်အသင်းတွေ၊ နည်းပြကောင်းတွေ၊ ကစားသမားကောင်းတွေအများကြီးရှိပါတယ်၊ နှစ်တိုင်းတိုးတက်နေတာတာကို ခင်ဗျားတို့မြင်ရမှာပါ" လို့ နာနီက ထပ်မံပြောဆိုခဲ့့ပါတယ်။