မန်ချက်စတာယူနိက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်ဒိုဟာ နှစ်မကုန်ခင်မှာ ဆော်ဒီကလပ်အယ်လ်နာဆာကို ပြောင်းရွှေ့လိမ့်မယ်လို့ စပိန်သတင်းစာ Marca ကို ကိုးကားပြီး Euro Sport က ဖော်ပြခဲ့ပါတယ်။ အသင်းသစ်တသင်း သေချာပေါက်ရှာဖွေရမယ့် ရော်နယ်ဒိုဟာ လက်ရှိမှာ ဒူဘိုင်းကို ရောက်ရှိနေပြီး အဲဒီကမှတဆင့် ဆော်ဒီကို သွားရောက်လိမ့်မယ်လို့ ဆိုပါတယ်။
အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်မှာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် ဒူဘိုင်းကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဆော်ဒီကလပ်က ရော်နယ်ဒိုကို တနှစ်အတွက် ယူရိုသန်း ၂၀၀ ပေးမယ်လို့ ကမ်းလှမ်းထားပြီး ၂နှစ်ခွဲစာချုပ်ချုပ်ဆိုဖို့အသင့်ဖြစ်နေကာ ကစားသမားဘက်က ခေါင်းငြိမ့်ပြဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
ဒီသတင်းထွက်ပေါ်နေမှုတွေကို နှစ်ဖက်စလုံးက အတည်မပြုခဲ့ပေမယ့် Marca ကတော့ ဒီအပြောင်းအရွှေ့က နှစ်မကုန်ခင်မှာ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်နေပါတယ်။ ဆော်ဒီဘက်ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားကို သူတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ လျှောက်ထားပြီး အဲဒီပြိုင်ပွဲမတိုင်ခင် ဆော်ဒီဘောလုံးအဆင့်အတန်းတိုးတက်လာစေဖို့ ရော်နယ်ဒိုက ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအတိုင်းသာ ရော်နယ်ဒိုက ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ၂နှစ်ခွဲအတွက် ယူရိုသန်း ၅၀၀ အထိ ရရှိမှာလည်းဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက် ချယ်လ်ဆီး၊ အသင်းဟောင်းစပို့တင်းလစ္စဘွန်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပေမယ့် တရားဝင်ကမ်းလှမ်းမှုတွေလုပ်ထားတယ်လို့တော့ သတင်းတွေထွက်မလာသေးဘဲ ရှိနေပါတယ်။