မန်ယူနိုက်တက်ကို ဝယ်ယူနိုင်တဲ့အလားအလာရှိနေတဲ့ ရက်ကလစ်ဖ်အတွက်တော့ သတင်းကောင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်းဒါး ဆီဖီရင်က မန်ချက်စတာယူနိုက်တက်အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဘမ်းခံရနိုင်တဲ့အခြေအနေကနေ ရှောင်လွှဲနိုင်မယ့် မျှော်လင့်ချက်ကို ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက အသင်းအတွက် အခြားရွေးချယ်စရာ မဟာဗျူဟာတွေကို ရှာဖွေနေတာကြောင့် ပြီးခဲ့တဲ့အပတ်တွေမှာ ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့ ကာတာ ဘဏ်ဥက္ကဌ ရှိတ်ခ် ဂျက်ဆင်မ်တို့ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ESPN ရဲ့ ဖော်ပြချက်အရ INEOS ပိုင်ရှင် ရက်ကလစ်ဖ်သာ ၎င်းရဲ့ ကလေးဘဝကတည်းက အားပေးလာတဲ့ အသင်းကို ဝယ်ယူခွင့်ရရှိခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ တစ်သင်းကို ထုတ်ခံရမယ့်အရေးကနေ ရှောင်လွှဲနိုင်ဖို့ လီဂူးဝမ်းကလပ် နိစ်က ရှယ်ယာတွေကို မဖြစ်မနေ ရောင်းချရမယ်လို့ သိရပါတယ်။

တကယ်လည်း ယူအီးအက်ဖ်အေ စည်းမျဉ်း စာပိုဒ် ၅.၀၂ မှာ တူညီတဲ့အဖွဲ့အစည်းတစ်ခုကနေ ထိန်းချုပ်ခြင်းခံထားရတဲ့အသင်း ၂ သင်းကို တူညီတဲ့ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ နိစ်အသင်းရော မန်ချက်စတာယူနိုက်တက်အသင်းပါ သက်ဆိုင်ရာလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် ရပ်တည်မှုပိုမိုမြင့်မားတဲ့အသင်းကသာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

 

ဥပမာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးပြီး နိစ်အသင်းက လီဂူးဝမ်းမှာ အဆင့် ၃ နေရာနဲ့ ရာသီပြီးဆုံးမယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်က ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်မှာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း နိစ်အသင်းက လက်ရှိမှာ အဆင့် ၄ နေရာနဲ့ ၁၃ မှတ်အကွာ အဆင့် ၇ နေရာမှာသာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီမှာ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရဖွယ် မရှိဖို့ များနေတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင်က ဂယ်ရီ နဗီးရဲ့ YouTube ချန်နယ် ‘The Overlap’မှာ စကားပြောဆိုရာမှာ အသင်း တစ်သင်းထက် ပိုမိုပိုင်ဆိုင်တဲ့သူတွေနဲ့ပတ်သက်ပြီး စည်းမျဉ်းတွေကို ဖြေလျှော့ပေးသွားဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပြီး မန်ယူနိုက်တက်ကို ဝယ်ယူနိုင်တဲ့အလားအလာရှိနေတဲ့ ရက်ကလစ်ဖ်အတွက်တော့ သတင်းကောင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကိုပဲ တွေးနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တခြားအသင်းကို ဝယ်ယူချင်တဲ့ အသင်းပိုင်ရှင် ၅ ယောက်၊ ၆ ယောက်လောက် ရှိနေပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို ကြည့်ရမှာပါ။ ရွေးချယ်စရာတွေက ဒီလိုပဲ နေမလား၊ သူတို့တွေကို တူညီတဲ့ ပြိုင်ပွဲမှာ ကစားခွင့်ပေးမလား။ အသင်းတစ်သင်းထက် ပိုမိုပိုင်ဆိုင်သူတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေကို ပိုပြီး ပိုပြီးကောင်းလာပါတယ်။ ကျွန်တော်တို့ အသင်း တစ်သင်းထက်ပိုပြီး ပိုင်ဆိုင်ထားသူတွေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ရဘူးလို့ ပြောဖို့ မသင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီလိုအခြေအနေမှာ ဘယ်လို စည်းမျဉ်းမျိုးသတ်မှတ်မလဲဆိုတာကိုတော့ ကြည့်ရမှာပါ။ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းကတော့ တင်းကြပ်ရမှာမို့လို့ပါ။ ရှုထောင့်တစ်ခုကနေ ကြည့်ရင်တော့ ခင်ဗျားက အသင်း ၂ သင်းပိုင်ရှင်ဖြစ်နေမယ်ဆိုရင် တစ်သင်းကို အနိုင်ရစေချင်တဲ့အခါမှာ တစ်သင်းကို အရှုံးပေးခိုင်းလိုက်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ခင်ဗျားအတွက်က ဘောလုံးသမားတစ်ယောက်အနေနဲ့က တခြားအသင်းကို အနိုင်ရစေချင်တာကြောင့် ဒီဖက်အသင်းက နည်းပြကို ဒီပွဲအရှုံးပေးလိုက်လို့ ပြောဖို့ကလွယ်ကူတယ်လို့ ခင်ဗျားထင်လား”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က