ယူနိုက်တက်အနေနဲ့ လာမယ့် ဘောလုံးရာသီအသစ်မှာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေး ဂါနာချိုကို အသင်းရဲ့ ဂန္တဝင်ကျောနံပါတ် (၇) ပေးအပ်သွားဖို့ စီစဥ်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဂါနာချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်ဟက်ခ်ရဲ့ စင်တင်ပေးမှုနဲ့အတူ ယူနိုက်တက်အသင်းကြီးမှာ နေရာရလာတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
အဆိုပါ အာဂျင်တီးနား လူငယ်ကစားသမားလေးဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ အဆုံးအဖြတ်သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့သလို အရေးကြီးတဲ့ အခိုက်အတန့်တွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဂါနာချိုဟာ အသင်းကြီးအတွက် ပါဝင်ကစားခွင့်ရတဲ့အချိန်တိုင်း ယူနိုက်တက် ဘယ်ခြမ်းမှာ ထိရောက်တဲ့ တိုက်စစ်ဆင် ကစားဟန်ကို ပြသခဲ့ပါတယ်။
ဒါ့အပြင် တန်ဟက်ခ်လက်ထက်မှာလည်း ဂါနာချိုက ယုံယုံကြည်ကြည်နဲ့ နေရာပေးခံရတဲ့ တစ်ဦးတည်းသော အကယ်ဒမီထွက် ကစားသမားဖြစ်ခဲ့ပါတယ်။ ဂါနာချိုဟာ အသင်းကြီးအတွက် ကစားပေးတဲ့အချိန်မှာ ကျောနံပါတ် (၄၉) ကိုသာ ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး လာမယ့်ရာသီမှာတော့ ဂျာစီနံပါတ်အသစ်ကို ပြောင်းလဲ ဝတ်ဆင်ဖွယ်ရှိပါတယ်။
ဒါပေမယ့်လည်း မထင်မှတ်ထားတဲ့ အနေအထားအရ ဂါနာချိုတစ်ယောက် ယူနိုက်တက်ရဲ့ ဂန္တဝင်ကျောနံပါတ် (၇) ကို ဝတ်ဆင်ခွင့်ရရှိနိုင်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ ကျောနံပါတ် (၇) ကို နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ ကစားသမားက ရော်နယ်ဒိုဖြစ်ပြီး ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ကျောနံပါတ် (၇) ဟာ နောက်ပိုင်း ဘောလုံးရာသီတွေမှာ ကျိန်စာသင့် ကျောနံပါတ်တစ်ခုလို ဖြစ်နေခဲ့ပြီး အဆိုပါ နံပါတ်ကို ဝတ်ဆင်တဲ့ကစားသမားတိုင်းက ကျရှုံးခဲ့တယ်လို့ ပြောရမှာပါ။ အခုချိန်မှာတော့ အသက် (၁၈) နှစ်အရွယ် ဂါနာချိုက ဒီကျောနံပါတ်ကို ဆက်ခံဖွယ်ရှိနေပြီး ကျိန်စာတွေအားလုံးကို ပြောင်းပြန်လှန်နိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။