လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲကတော့ ပြောစရာတွေ အများအပြားနဲ့ ပြီးဆုံးခဲ့ရပါတယ်။ ဒီပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ဘိုင်ယန်မြူးနစ်က လီဗာပူးကို ၃-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးက ပွဲကစားချိန်အစောပိုင်းမှာ ဂတ်ပို၊ ဗန်ဒိုက်ချ်တို့ရဲ့ဂိုးတွေနဲ့ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း နာဘရီ၊ ဆာနေးတို့ရဲ့ဂိုးတွေကို ဆက်တိုက် ပြန်ခွင့်ပြုခဲ့ရပြီး ပထမပိုင်းမှာ နှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ ဦးဆောင်ဂိုးရရှိခဲ့သေးတာပါ။ ဒီဂိုးကတော့ လီဗာပူးပရိသတ်တွေအတွက် တသသပြောစရာဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။
ကိုယ့်ကွင်းဘက်ခြမ်းမှာ တိုက်စစ်စတင်ပေးခဲ့တဲ့ လူးဝစ်ဒီယက်ဇ်က ဆာလာဆီကို ဘောလုံးပေးပို့ပြီးနောက် ရှေ့ကို တစ်ဟုန်ထိုးပြေးသွားခဲ့ပြီး ဆာလာက ဘောလုံးပြန်ခင်းပေးချိန်မှာတော့ ဧရိယာထဲအထိ ဆွဲဝင်ပြီး အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့တာပါ။ ဒါပေမယ့်လည်း လီဗာပူးတို့ နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာကြောင့် ဘိုင်ယန်မြူးနစ်ကသာ လီဗာပူးကို အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ မက်အယ်လစ္စတာ ဒဏ်ရာရသွားတာ၊ လီဗာပူးနောက်ခံလူ မာတစ်ပ်ရဲ့ ကစားပုံဆိုးရွားခဲ့တာတွေက ပြောစရာအချက်တွေဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ဒီယက်ဇ်ရဲ့ဂိုးကလည်း ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်နေပါတယ်။ ပရိသတ်တွေက “ဒီယက်ဇ်က လှပတဲ့ ပေးပို့မှုနဲ့ အစပြုခဲ့ပြီး ဘေယန်မြူးနစ် ကစားသမားကို ဖြတ်ကျော်ပြီးတဲ့နောက် သူကိုယ်တိုင်ပဲ အဆုံးသတ်ပေးလိုက်ပါတယ်” “ဒီယက်ဇ်နဲ့ပဲ အစပြုပြီး ဒီယက်ဇ်နဲ့ပဲ အဆုံးသတ်ခဲ့တဲ့ဂိုးပါ”
“သူက ကမ္ဘာပေါ်မှာ အထင်ကြီးမခံရတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်” “ဒီယက်ဇ်ကို လေးစားမှုထားသင့်ပါပြီ” လို့ အသီးသီး ချီးကျူးခဲ့ကြပါတယ်။ ဒီယက်ဇ်ဟာ လီဗာပူးကို စတင်ရောက်ရှိလာချိန်မှာပဲ ကလော့ပ်ရဲ့ ဦးစားပေးဂိုးသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး လာမယ့်ရာသီမှာလည်း ပုံမှန်တစ်နေရာရရှိနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။