အာဆင်နယ်ပရိသတ်တွေဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နည်းပြအာတီတာနဲ့အတူ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ပြီလို့ ယုံကြည်နေကြပါတယ်။ အကြောင်းရင်းကတော့ အာတီတာရဲ့ ဝင်ဘလေအချက်အလက်တွေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝင်ဘလေမှာ ကစားရမှာကြောင့်ပါ။
အာတီတာဟာ နည်းပြဘဝနဲ့ ကစားသမားဘဝတစ်လျှောက် ဝင်ဘလေကွင်းမှာ (၁၂) ပွဲ ကစားခဲ့ဖူးပြီး ဒီပွဲအားလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။ အခု နောက်ဆုံး ပူပူနွေးနွေးအနေနဲ့ အာဆင်နယ်တို့ မန်စီးတီးကို ဝင်ဘလေကွင်းမှာပဲ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို ဆွတ်ခူးထားပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၂) ရရှိခဲ့တဲ့ အာဆင်နယ်က လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိထားပြီး အာဆင်နယ်ပရိသတ်အချို့ကတော့ အခုလိုမျိုး ယုံကြည်နေတာပါ။ အာဆင်နယ်ပရိသတ်တွေက “အာတီတာရဲ့ ဝင်ဘလေကွင်း အချက်အလက်တွေကို ကြည့်လိုက်စမ်းပါ”
“သူက နည်းပြနဲ့ ကစားသမားဘဝ ဝင်ဘလေမှာ (၁၂) ပွဲနွှဲခဲ့သမျှ (၁၂) ပွဲစလုံးကို အနိုင်ရရှိခဲ့ပါတယ်” “(၂၀၂၄) ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဝင်ဘလေကွင်းမှာ ကစားရမှာနော်” လို့ ပြောကြားပြီး အသင်းအပေါ် မျှော်လင့်နေပါတယ်။ အာဆင်နယ်ဟာ (၂၀၀၆) ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။
ဒါပေမယ့်လည်း အဆိုပါပွဲမှာ ဘာစီလိုနာကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန်ရရှိဖို့အတွက်တောင် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ခြိမ်းခြောက်ရင်း အခုလိုမျိုး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။