၂၀၁၉ မတ်လမှာ ဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မေးခွန်းပုံစံအသစ်နဲ့ ပြောင်းလဲစစ်ဆေးမှာ ဖြစ်ပြီး အင်္ဂလိပ်စာမေးခွန်းပုံစံသစ်ကို ကျောင်းသားအများစုက စိုးရိမ်နေကြပါတယ်။
ဘာသာရပ်အားလုံးအတွက် မေးခွန်းပုံစံတွေကို စဉ်းစားတွေးခေါ်မှုကို အားပေးတဲ့ မေးခွန်းပုံစံမျိုးနဲ့ ပြောင်းလဲစစ်ဆေးဖို့အတွက် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ပါတယ်။
၂၀၁၈ မတ်လတွင်ကျင်းပခဲ့သည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာကြစဉ်။
မေးခွန်းပုံစံ ပြောင်းလဲစစ်ဆေးရာမှာ ကျောင်းသားကျောင်းသူတွေအနေနဲ့ မေးခွန်းပုံစံအလိုက် ဘာသာရပ်တစ်ခုချင်းစီကို လေ့လာသင့်တဲ့ နည်းလမ်းတွေ သိရှိနိုင်ဖို့ MM tutors ကနေ ဦးစီးပြီးတော့ သြဂုတ်လ ၄ ရက်နေ့ က ရန်ကုန်မြို့ Strand ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ သင်ကြားရေးအတွေ့အကြုံရှိတဲ့ ဝါရင့်ဆရာဆရာမကြီးတွေက လေ့လာနည်းတွေကို ညွှန်ကြားပြသခဲ့ပြီး အရင်နှစ်တွေက မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး ဆုရှင်တွေကလည်း သူတို့ရဲ့ ကျက်မှတ်လေ့လာနည်းတွေကို ပြောပြခဲ့ပါတယ်။
မေးခွန်းပုံစံ ပြောင်းလဲစစ်ဆေးရာမှာ တခြားဘာသာရပ်တွေက ထူးထူးခြားခြားပြောင်းလဲမှုမရှိပေမယ့် အင်္ဂလိပ်စာမေးခွန်းက Unseen မေးခွန်းပုံစံတွေ ထည့်သွင်းထားတာကြောင့် အနည်းငယ်စိုးရိမ်နေတယ်လို့ ဒီပွဲကို တတ်ရောက်လာတဲ့ ကျောင်းသားကျောင်းသူအချို့က ပြောပါတယ်။
“ ကျန်တဲ့ဘာသာရပ်တွေက အခက်အခဲသိပ်မရှိဘူး။အင်္ဂလိပ်စာက အစကတည်းက အားနည်းတော့ unseen တွေ ပါလာမယ်ဆိုတော့ နည်းနည်းတော့စိုးရိမ်ပါတယ်” လို့ တောင်ဒဂုံမြို့နယ်မှ ဆယ်တန်းကျောင်းသား မင်းခန့်မောင်မောင်က ပြောပါတယ်။
၂၀၁၈ မတ်လတွင်ကျင်းပခဲ့သည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာကြစဉ်။
“ မေးခွန်းပုံစံအသစ်ကို အခုမှ ပထမဆုံးဖြေရမှာဆိုတော့ ရင်ခုန်ပါတယ်။ ဘယ်လိုမေးမလဲဆိုတာ မသိသေးဘူး။ ’’လို့ ဆယ်တန်းကျောင်းသူ မယမုံဦးက ပြောပါတယ်။
အင်္ဂလိပ်စာမေးခွန်းကို ပြဌာန်းစာအုပ်ထဲက အကြောင်းအရာတွေကို အခြေခံ မေးမှာဖြစ်ပြီး မေးခွန်း (၉) ပုဒ် မေးမှာဖြစ်တယ်လို့သိရပါတယ်။
မေးခွန်းပုံစံပြောင်းလဲထားတဲ့အတွက် ကျောင်းသားကျောင်းသူတွေအတွက် အခက်အခဲဖြစ်လာနိုင်ပြီး အမှတ်ပေးစည်းမျဉ်းကို လျှော့ချသင့်တယ်လို့ ဟောပြောပွဲမှာ ပါဝင်ဆွေးနွေးပေးခဲ့တဲ့ အင်္ဂလိပ်စာ ဆရာ တစ်ဦးဖြစ်တဲ့ ဆရာနေအုပ် - စိန်ပေါ့လ်က ပြောပါတယ်။
“ အရင်တုန်းကဆို ဖတ်စာအုပ်ထဲကစာကိုပဲ Read The Passgae နှစ်ပုဒ်မေးတယ်။ အခုက အပြင်က တစ်ပုဒ်မေးမှာဆိုတော့ အကုန်လုံးထိတ်လန့်နေတယ်။ ကျောင်းသားတွေက အပြင်စာမဖတ်တော့အပြင်စာ ဖတ်လာအောင် လေ့ကျင့်ပေးတဲ့သဘောပါ။ ဒါပေမယ့် အမှတ်ပေးစည်းမျဉ်းမှာလည်း လျှော့ပေးရတော့မှာပါ။ ဥပမာ မောင်မျိုးလို့ မေးခွန်းမှာ ရေးထားတာကို မောင်မြလို့ ရေးတာမျိုးကို အမှတ်နုတ်တာမျိုး၊ ကော်မာလေး တစ်ခုကျန်တာကို နုတ်တာမျိုးက မဖြစ်သင့်ဘူး။ဝါကျ မှန်နေရင် အမှတ်ပေးသင့်ရင် ပေးရမှာပါ” လို့ ဆရာနေအုပ်- စိန်ပေါ့လ်က သူ့ရဲ့ အမြင်ကို ပြောပါတယ်။
အဆိုပါမေးခွန်းပုံစံသစ်ကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာပါမောက္ခတွေက ၂၀၁၇ ခုနှစ်ကတည်းက ရေးသားပြုစုခဲ့တာဖြစ်ပါတယ်။
Share