ဒီတစ်ခေါက် Duwun ကနေ ဦးလေးကြီး ဝက်ဆီဖတ်ကြော် ဘာကြောင့် နာမည်ကြီးရသလဲ ဆိုတဲ့ လျှို့ဝှက်ချက်၊ ဦးလေးကြီး ဝက်ဆီဖတ်ရယ်လို့ စားသုံးသူတွေကြားမှာ နာမည်တစ်ခု ဖြစ်လာအောင် ကြိုးစားခဲ့ရပုံတွေနဲ့ လမ်းဘေးဈေးသည်ဘဝကနေ ဆိုင်ခန်းပိုင်ရှင်ဖြစ်လာအောင် ရုန်းကန်ခဲ့ရပုံတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
ဦးလေးကြီးဝက်ဆီဖတ်ရဲ့ ကနဦးအစ
ဦးလေးကြီး ဝက်ဆီဖတ်ကို ၂၀၀၅၊ ၂၀၀၆ ခုနှစ်ဝန်းကျင်လောက်က နန္ဒဝန်ဈေးရှေ့က လမ်းဘေးလေးမှာပဲ ဗန်းလေးချပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။
“ စရောင်းကတည်းက နန္ဒဝန်ဈေးရှေ့မှာပဲပေါ့။ လမ်းဘေးလေးမှာပဲ ၂ ပေ - ၃ ပေလောက်ရှိမယ့် ဗန်းလောက်လေးနဲ့ ဝက်ဆီဖတ်ကို စရောင်းခဲ့တာပါ။ ၂၀၀၅၊ ၂၀၀၆ ခုနှစ်က စရောင်းခဲ့တာဆိုတော့ အခုဆို ၁၆ နှစ် - ၁၇ နှစ်သက်တမ်းလောက် ရှိပါပြီ။ သားဖြစ်သူက စရောင်းခဲ့တာပါ။ နောက်တော့ ဦးလေးကြီးပါ လိုက်ရောင်းရင်းနဲ့ ဒီအလုပ်လေးဖြစ်သွားတာပေါ့” လို့ ဦးလေးကြီး ဝက်ဆီဖတ် ဆိုင်ရှင် ဦးမောင်ညွန့်က ဆိုပါတယ်။
ဦးလေးကြီး ဝက်ဆီဖတ်လို့ အမည်တွင်သွားခဲ့တာကတော့ ယခင် နန္ဒဝန်ဈေးရှေ့က လမ်းဘေးလေးမှာ ရောင်းခဲ့တုန်းက ဝယ်တဲ့သူတွေက “ ဦးလေးကြီး ဝက်ဆီဖတ် ဘယ်လောက်လဲ” လို့ မေးမြန်းဝယ်ယူရာက အစပြုလို့ ဦးလေးကြီး ဝက်ဆီဖတ် ဆိုင်လို့ အမည်တွင်သွားခဲ့တာဖြစ်ပါတ
ယ်။
လမ်းဘေးကနေ ဆိုင်ခန်းပေါ်သို့
“ အဘက အရင်တုန်းက လမ်းဘေးမှာ ရောင်းတုန်းကဆို မနက်မနက်ဆို ဝက်ဆီဖတ် သွားသွားယူရတာ။ သွားယူတဲ့လမ်းမှာ လှည်းလေးတစ်စီးရပ်ထားတာ တွေ့တယ်။ အဲဒီအချိန်မှာ ပိုက်ဆံကလည်း သိပ်မပြေလည်နေဘူး။ အခက်အခဲဖြစ်နေတယ်။ နေ့စဥ်ဖြတ်သွားတဲ့အခါမှာ လှည်းလေးကို ကြည့်ပြီး လိုချင်လိုက်တာလို့ စိတ်ထဲက ဖြစ်တယ်။ ဒီလှည်းကို ငါ ရအောင်ဝယ်မယ်ဆိုပြီးတော့ စိတ်ထဲမှာ ပိုင်းဖြတ်ထားတာပေါ့။ နောက်တော့ ပိုက်ဆံစုဆောင်းပြီး ဝယ်ဖြစ်သွားတယ်။ လှည်းလေးဝယ်ပြီးမှ ဒီလှည်းလေးကကြောင့် လုပ်ငန်းလေး တွင်ကျယ်လာတယ်။ အဲဒီကနေ စပြီးတော့ တဖြည်းဖြည်းနဲ့ လူပိုသိလာပြီး ဆိုင်ခန်းလေးဖြစ်လာတာပါ။ ဆိုင်ခန်းလေးနဲ့ ရောင်းနိုင်တာကတော့ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်” လို့ ဦးလေးကြီးက ဝက်ဆီဖတ်ကို ဆိုင်ခန်းလေးနဲ့ ဖြစ်လာအောင် ကြိုးစားခဲ့ရပုံတွေကို ပြန်လည်ပြောပြပါတယ်။
အောက်ခြေအဆင့်ကနေ ဇွဲအပြည့်နဲ့ ကြိုးစားခဲ့ရသူ
ဒီလို ဆိုင်ခန်းလေးနဲ့ ဖြစ်လာဖို့ အောက်ခြေအဆင့်ကနေ ကြိုးစားရုန်းကန်ခဲ့ရပြီး ယခင်လမ်းဘေးဈေးသည်ဘဝတုန်းက ဝက်ဆီဖတ် တစ်ပိဿာ၊ နှစ်ပိဿာခန့် ရောင်းရဖို့ကို နေ့ပြန်တိုးနဲ့ ငွေချေးယူတာမျိုးတွေ လုပ်ခဲ့ရသူပါ။
“ အရင်တုန်းကဆို ဒီနေ့ ရောင်းပြီး နောက်နေ့ပြန်ရင်းဖို့သူများဆီမှာ နေ့တိုးနဲ့ ချေးခဲ့ရတယ်။ နေ့သွင်းနဲ့ ဆိုတော့ ကိုယ်ရောင်းရသည် ဖြစ်ဖြစ် မရောင်းရသည်ဖြစ်ဖြစ် နေ့သွင်းတောင်းတဲ့သူတွေကို ပေးလိုက်ရနဲ့ အဲဒီလို ဘဝကနေ ဒီအခြေအနေလေးရောက်လာဖို့ ရုန်းကန်ခဲ့ရတာပါ” လို့ ဆိုပါတယ်။
စားသုံးသူတွေကြား ဘာကြောင့်နာမည်ကြီးသလဲ
ရန်ကုန်မြို့မှာ ဝက်ဆီဖတ်ကို နေရာတိုင်း တော်တော်များများရောင်းကြပေမယ့် ဦးလေးကြီး ဝက်ဆီဖတ် က တခြားလက်ရာတွေနဲ့ မတူတဲ့ အဓိက အချက်ကတော့ စားသုံးသူတွေ ပါးစပ်မှာ အကြိုက်တွေ့အောင် ဖန်တီးယူထားတာကြောင့်ဖြစ်ပါတယ်။ စားသုံးသူတွေ အကြိုက်တွေ့စေတဲ့ အနေအထားပေါ်မူတည်ပြီး အရသာကို ပြုပြင်ပြီး ရောင်းပေးပါတယ်။ ယခင်လမ်းဘေးမှာ ရောင်းတုန်းကတော့ သူများဆီကတစ်ဆင့် ယူရောင်းခဲ့ပေမယ့် ဆိုင်ခန်းနဲ့ဖြစ်လာချိန်မှာတော့ စားသုံးသူတွေ ပိုပြီး အကြိုက်တွေ့အောင် ကိုယ့်ဘာသာကိုယ် ကြော်ပြီး ရောင်းချတယ်လို့ ဆိုပါတယ်။
“စားသုံးသူတွေကနေ ဦးလေးကြီးဝက်ဆီဖတ်က ပိုကောင်းတယ်။ တခြားမှာ စားဖူးပေမယ့် ဒီလောက်မကောင်းဘူးလို့ ပြောကြတာမျိုးတွေ ကြားဖူးပါတယ်။ ။ဒါကြောင့် ဆိုင်းဘုတ်မှာတောင် ဦးလေးကြီး အနေနဲ့ ဆောင်ပုဒ်ကို စားကြည့်ပါလား လို့ပဲ ရေးထားပါတယ်။ အရမ်းကောင်းပါတယ်လို့ မရေးထားပါဘူး။ စားသုံးသူက စားကြည့်မှ သူကြိုက်မှ လက်ခံမှာပေါ့။ ကိုယ့်ပစ္စည်းအရမ်းကောင်းပါတယ်ဆိုပြီးတော မရောင်းပါဘူး။ စားသုံးသူတွေကိုယ်တိုင် စားကြည့်ပါ။ စားကြည့်လိုက်တဲ့အခါ လက်ခံလာဖို့က အရေးကြီးပါတယ်” လို့ ဦးလေးကြီး ဝက်ဆီဖတ် ဆိုင်ရှင် ဦးမောင်ညွန့်က ပြောပါတယ်။
ရနိုင်တဲ့ ဝက်ဆီဖတ် အမျိုးအစားတွေနဲ့ ဈေးနှုန်း
ဒီဆိုင်မှာ ဝက်အသားမျိုးစုံကို ဝက်ဆီဖတ် ပြုလုပ်ထားပြီး ဝက်ဆီဖတ် (၇) မျိုးလောက် ရပါတယ်။ ဈေးနှုန်းတွေက ဝက်ဆီဖတ် အပျော့ ၂၅၀၀၊ အကြွပ် ၃၅၀၀၊ နို့အုံသား ပေါင်သားနဲ့ ပါးသားက ၄၀၀၀ ကျပ်နဲ့ ရောင်းချတာဖြစ်ပါတယ်။ လမ်းဘေးမှာ စရောင်းတဲ့အချိန်တုန်းက ၂ ပိဿာ ၃ ပိဿာလောက်ပဲ ရောင်းရာကနေ ဖြည်းဖြည်းတက်လာတော့ ၅ ပိဿာ ၆ ပိဿာ ခန့်ရောင်းရတယ်လို့ သိရပါတယ်။ လှည်းလေးနဲ့ ဖြစ်လာချိန်မှာ ၁၀ ပိဿာ လောက်အထိ ရောင်းရပြီး ဆိုင်ခန်းဖွင့်လှစ်ပြီး ရောင်းချချိန်မှာ တစ်နေ့ကို ပိဿာ ၂၀ ကျော်လောက် ရောင်းရတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း ၁၇ နှစ်ကြာ နန္ဒဝန်ဈေးရှေ့မှာပဲ ရောင်းခဲ့တဲ့ ဝက်ဆီဖတ်
ဦးလေးကြီး ဝက်ဆီဖတ်ကို လမ်းဘေးမှာ စရောင်းကတည်းက တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးရှေ့မှာပဲ ရောင်းချခဲ့တာဖြစ်ပြီး အခုဆိုင်ခန်းနဲ့ ဖြစ်လာတဲ့အချိန်အထိ အဲဒီနေရာမှာပဲ ရောင်းချတာပါ။ ဒါကြောင့် တောင်ဥက္ကလာ အနီးတစ်ဝိုက်က စားသုံးသူတွေကတော့ ဦးလေးကြီး ဝက်ဆီဖတ်ကို မကြိုက်တဲ့သူ မရှိသလောက် ရှားပြီး စားဖူးသူတိုင်းလည်း နောက်တစ်ခါ ထပ်ဝယ်စားချင်စိတ်ဖြစ်လာအောင် အရသာက ဆွဲဆောင်ထားကာ ရန်ကုန်မြို့ ရဲ့နာမည်ကြီး ဝက်ဆီဖတ် ဖြစ်လာခဲ့တာ အမှန်ပါပဲ။ ဆိုင်ကိုတော့ လပြည့်နေ့တိုင်း ပိတ်ပြီး ဖုန်းဆက်မှာယူလိုပါက ဖုန်းနံပါတ် ၀၉၇၅၅၂၅၅၂၂၄၊၀၉၇၅၅၂၅၅၉၇၃ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။