ဒီတစ်ခေါက် Duwun ပရိတ်သတ်တွေအတွက် လမ်းဘေးပလက်ဖောင်းပေါ်မှာ လှည်းလေးနဲ့ စရောင်းခဲ့တဲ့ ရွှေရောင်လမ်းကော်ပြန့်စိမ်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရွှေရောင်လမ်းကော်ပြန့်စိမ်းကတော့ အရသာကောင်းတာကြောင့် အစားအသောက်ချစ်သူတွေကြားမှာ နာမည်ကြီးတဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။
နာမည်ကျော် ရွှေရောင်လမ်း ကော်ပြန့်စိမ်း
ကော်ပြန့်စိမ်းဆို ရွှေရောင်လမ်းကမှ စားလိုက်ရမှဆိုတဲ့အထိ ရောင်းကောင်းတဲ့ဆိုင်
ကော်ပြန့်စိမ်းထဲမှာ ထည့်ထားတဲ့အသား၊ အသီးအရွက်လတ်လတ်ဆတ်ဆတ်နဲ့ သေချာပေါင်းထားတဲ့အပြင် အချိုးအစားတွေအားလုံးကို စနစ်တကျနဲ့ ကိုယ်တိုင်လုပ်ကိုင်တယ်လို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။အရသာ ကောင်းမွန်မှုကြောင့် ဆိုင်မှာလာစားသူအတော်များများ အပြန်ပါဆယ် ဝယ်သွားတတ်ကြတယ်လို့ ဆိုင်ရှင်က ရှင်းပြပါတယ်။
“ အစားအသောက်အတွက် သုံးတဲ့ ကုန်ကြမ်းတွေက အစ အကောင်းဆုံးပဲ သုံးတယ်။ နေကြာဆီသုံးတယ်။ အချိုမှုန့်တွေ ဘာတွေ မထည့်ဘူး။ အသီးအရွက်တွေဆိုလည်း လတ်လတ်ဆတ်ဆတ်ပဲ။ တစ်နေ့စာ တစ်နေ့ပဲ သုံးတယ်။ အသားငါးတွေ လည်း လတ်လတ်ဆတ်ဆတ်ပဲသုံးတယ်။ အထဲမှာပါဝင်တဲ့ အချိုးအစားတွေအားလုံးလည်း ဒီနေ့အချိန်အထိ ကျွန်တော်တစ်ယောက်ပဲ ဖော်စပ်တယ်။ “ လို့ ဆိုပါတယ်။
စရောင်းရောင်းချင်းမှာတော့ ကော်ပြန့်စိမ်းကို အဓိကထားရောင်းခဲ့ပေမယ့် တစ်ဖြည်းဖြည်းနဲ့စားသုံးသူတွေအကြိုက် အမျိုးအစားတွေ တိုးချဲ့ခဲ့ပြီး အခုဆို ခေါက်ဆွဲဆီချက်၊ ကြာဇံဆီချက်မျိုးစုံ၊ ဖက်ထုပ်မျိုးစုံ၊ နံရိုးပေါင်း၊ ဝက်လက်ပေါင်း စတဲ့ အမျိုးအစားပေါင်း ၄၀ ကျော်လောက် ရပါတယ်။
ဒီလိုပြင်ဆင်တယ်
လွန်ခဲ့တဲ့ ၁၅ နှစ်က လမ်းဘေးပလက်ဖောင်းမှာစရောင်းခဲ့ရ
ရွှေရောင်လမ်းကော်ပြန့်စိမ်းဆိုင်လေးကို ၂၀၀၇ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာပါ။ သဃ်န်းကျွန်းမြို့နယ်၊ စံပြဈေးမှာပဲ လမ်းဘေးပလက်ဖောင်းမှာ ပဲ လှည်းလေးနဲ့ စရောင်းခဲ့တာပါ။ မိဘတွေကိုယ်တိုင်က ကော်ပြန့်စိမ်းရောင်းတာဖြစ်တဲ့အတွက် မိဘတွေဆီက ပညာသင်ယူပြီး ဒီလုပ်ငန်းလေးကို စတင်ဖွင့်လှစ်ခဲ့တာလို့ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။
“ အဲ့ဒီတုန်းက ကော်ပြန့်စိမ်းကို အဓိက ထားရောင်းတယ်။ ရှမ်းခေါက်ဆွဲတို့ ဆီချက်တို့လည်း ရောင်းတယ်။ အဲ့တုန်းက ဆိုင်သေးသေးလေးပါ။ ပလက်ဖောင်းမှာရောင်းပေမယ့်လည်း စားသုံးသူတွေက အားပေးတော့ ရောင်းကောင်းတယ်။ အဲဒီခေတ်တုန်းကတော့ တစ်ပွဲကို ၅၀၀ နဲ့ စရောင်းခဲ့ပါတယ်” လို့ ဆိုပါတယ်။
ကြက်ပေါင်းဆီချက်
လမ်းဘေးပလက်ဖောင်းကနေ ဆိုင်ကြီး ၅ ဆိုင်အထိ ဖြစ်လာ
လမ်းဘေးမှာရောင်းရာကနေ စားသုံးသူတွေ ထိုင်စားဖို့ နေရာအခက်အခဲလေးရှိခဲ့တော့ စံပြဈေးနားမှာပဲ နေရာလေးဌားပြီး ဆိုင်ခန်းသေးသေးလေးစဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ တစ်ဖြည်းဖြည်းတိုးချဲ့လာရာကနေ အခုတော့ ဆိုင်ခန်းကျယ်ကြီး ၅ ဆိုင်အထိ တိုးချဲ့နိုင်ခဲ့တာပါ။
“ ကျွန်တော်က လမ်းဘေးမှာ စဖွင့်တည်းက ဆိုင်ခန်းအများကြီးဖွင့်ချင်တဲ့စိတ်ကူးရှိတယ်။ ဆိုင်ခန်းအကျယ်ကြီးနဲ့ ဆိုင်ခွဲတွေအများကြီးဖွင့်ချင်တယ်။ အခု (၅) ဆိုင် ဖွင့်ထားတယ်။ နောက်ထပ်လည်း ဆိုင်တွေ အများကြီးတိုးချဲ့ဖို့ အစီအစဥ◌် တွေ ရှိပါတယ်။ အဓိကကတော့ အရည်အသွေးမပျက်အောင် ထိန်းသွားဖို့အရေးကြီးပါတယ်။” လို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
ရွှေရောင်လမ်းကော်ပြန့်စိမ်းဆိုင်တွေကို ၂၀၀၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် လက်ရှိအချိန်အထိ ရန်ကုန်တစ်မြို့လုံးမှာ ၅ ဆိုင်အထိ ဖွင့်လှစ်ထားနိုင်ခဲ့တာပါ။ သဃ်န်းကျွန်းမြို့နယ် စံပြ (၃) လမ်းအတွင်းမှာ ပင်ရင်းဆိုင်၊ စံပြ (၄) လမ်းမှာတစ်ဆိုင်၊ မြောက်ဒဂုံမြို့နယ် ကျောင်းလမ်းမပေါ်မှာတစ်ဆိုင်၊ ဗဟန်းမြို့နယ် ဥ◌ီးချစ်မောင်လမ်း၊ ဂွတ်တလစ်ဈေးကွေ့မှတ်တိုင်နှင့် မီးပွိုင့်ကြားမှာတစ်ဆိုင် နဲ့ နောက်ဆုံးဖွင့်လှစ်ထားတဲ့ ဆိုင်ကတော့ သုဝဏ္ဏကမာကြည်မီးပွိုင့်အနီးမှာဖြစ်ပါတယ်။
“ ဒီနေ့ထက်မနက်ဖြန်ပိုကောင်းရမယ်ဆိုတဲ့ စိတ်နဲ့ အမြဲကြိုးစားနေပါတယ်။ အမြဲတမ်းဒီအရသာမပျက်အောင် ပိုကောင်းအောင်လည်း အမြဲတမ်းကြိုးစားနေပါတယ်။ အမယ်တွေလည်းထပ်တိုးသွားပါမယ်။” လို့ ကိုထွန်းထွန်းနိုင်က သူလုပ်ငန်းကို ဆက်လက်တိုးချဲ့ဖို့ ရည်ရွယ်ချက်တွေ ရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။
Share