ဒေါ်ယုံကြာဇံချက်ကတော့ ကျောက်မြောင်းမှာ မသိသူမရှိသလောက်ပါပဲ။

ကျောက်မြောင်းကတော့ အစားအသောက်ကောင်းကောင်းတွေဆုံစည်းရာနေရာတစ်ခုပါ။ ဒီတစ်ခေါက်မှာတော့ ကျောက်မြောင်းထဲမှာ ဖွင့်လှစ်ထားတဲ့ မူလလက်ဟောင်းကနေ ဒီနေ့ထိလက်ရာမကျဘဲ လူကြိုက်များနေဆဲဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ကြာဇံချက်ရောင်းဖြစ်ခဲ့တာက

မိဘတွေက အစိုးရဝန်ထမ်းတွေဖြစ်တဲ့အတွက် အငြိမ်းစားယူကြတဲ့အချိန်မှာ တပိုင်တနိုင်လုပ်ငန်းလေးအဖြစ် အိမ်ရှေ့မှာပဲ ဆိုင်လေးခင်းပြီးရောင်းမယ်ဆိုပြီး စရာကနေ ဒေါ်ယုံကြာဇံချက်ဖြစ်လာတာပါ။

“ ကြာဇံချက်ကို ရွေးခဲ့တာကတော့ အဖေက စပြောတာပေါ့။သူတို့တွေကလည်း ကြာဇံချက် ချက်တတ်တယ်။ ဒီနား ကျောက်မြောင်းတဝိုက်မှာလည်း ကြာဇံချက်ဆိုင် ကောင်းကောင်းမရှိဘူးဆိုပြီး စရောင်းကြည့်တာပေါ့။” လို့ ဆိုပါတယ်။

မိသားစုတပိုင်တနိုင်လုပ်ငန်းလေးအဖြစ်စခဲ့တဲ့ ဒေါ်ယုံကြာဇံချက်

ဒေါ်ယုံကြာဇံချက်ကတော့ ကျောက်မြောင်းထဲမှာ မသိသူ မရှိသလောက်ပါပဲ။ လွန်ခဲ့တဲ့ နှစ် (၂၀) ခန့်က အိမ်ရှေ့လမ်းဘေးလေးကနေ စခဲ့တဲ့ ကြာဇံချက်ဆိုင်လေးဟာ အခုတော့ ကျောက်မြောင်းနဲ့တွဲမြင်ရတဲ့အထိ နာမည်ကျော်ကြားနေဆဲဖြစ်ပါတယ်။

“ စခဲ့တုန်းကတော့ အိမ်ရှေ့လေးမှာပဲ အိုးကြီးနဲ့ချပြီးတာ့ လမ်းဘေးမှာခုံလေးနဲ့စရောင်းခဲ့တာ အဲဒါလေးကိုမိသားစုတွေ ဝိုင်းလုပ်ကြတာပေါ့။ တစ်ဖြည်းဖြည်းနဲ့ နှစ်တွေကြာလာတော့ ဆိုင်ခွဲ (၂) ခုဖြစ်သွားပြီး ညီအစ်ကိုနှစ်ယောက်ခွဲလုပ်ကြတာပေါ့။ ဒေါ်ယုံဆိုတာက အမေ့နာမည် ဆိုင်ဖွင့်တော့ အမေ့နာမည်နဲ့ပဲ တွဲပေးလိုက်တာပါ။ ” လက်ရှိဆိုင်ခွဲကို ဦးစီးနေသူ ဒေါ်ယုံရဲ့ သားဖြစ်သူက ဆိုပါတယ်။

ဒေါ်ယုံကြာဇံချက်ဆိုတဲ့နာမည်လုံးဝမကျတာက

အခုချိန်ထိတိုင်အောင် မိခင်ဖြစ်သူရဲ့ လက်ရာအတိုင်း လုံးဝမကျအောင် ရောင်းချနေပြီး သင့်တင့်တဲ့ဈေးနှုန်းကြောင့်လည်း ဒေါ်ယုံကြာဇံချက်လို့ဆိုလိုက်ရင် လူကြိုက်များနေဆဲပဲလို့ ဆိုပါတယ်။

“ ဆိုင်ခွဲတွေ ဖွင့်လိုက်ပေမယ့် အရသာနဲ့ပတ်သတ်ရင် အမေတို့က မကြာမကြာ အမြဲတမ်းလာစစ်ပေး ပြောပေးနေတုန်းပဲ။ ဟိုတုန်းကတည်းက ဈေးကိုလည်း  သင့်တင့်တဲ့ဈေးနဲ့ပဲရောင်းတာပါ။ ခုနောက်ပိုင်းလည်း တက်လာတဲ့ဈေးပေါ်မှာပဲ သင့်တင့်တဲ့ဈေးနဲ့ရောင်းတယ်။ ” လို့ဆိုပါတယ်။

မိသားစုအမွေအနှစ်အဖြစ် သားတွေဆီ လက်ဆင့်ကမ်း

ဒေါ်ယုံကြာဇံချက်ဟာ အခုတော့ သားနှစ်ယောက်ဆီကို တစ်ဆိုင်စီနဲ့ လက်ဆင့်ကမ်းထားပြီး မိခင်လက်ထက်ကနေ သားတွေအဆင့်ဆင့်ထိ လက်ရာမကျအောင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ ဒေါ်ယုံကြာဇံချက်ရဲ့ လက်ရာကို ဘယ်နေရာရောက်ရောက်လာစားကြတဲ့ စားသုံးသူတွေလည်း အခုချိန်ထိရှိနေဆဲပဲ ဖြစ်ပါတယ်။

“ အစ်ကိုတို့က အမေတို့ ဆိုင်စဖွင့်ကတည်းက လုပ်နေတာဆိုတော့ အမေတို့ပြောတဲ့ အချိုးအစားအတိုင်း အမှားအယွင်းမရှိအောင် ချက်ပြုတ်ရတယ် ။ သန့်ရှင်းအောင် လုပ်ပါတယ်။ တစ်ချို့တွေဆို ပြည်ပရောက်သွားတယ်။ ရောက်ရောက်ချင်းကို ပြန်လာစားတဲ့ စားသုံးသူတွေရှိတယ်။” လို့ ဆိုပါတယ်။



ဆိုင်ခွဲတွေထပ်ဖွင့်ဖို့စီစဉ်နေ

မိသားစုတနိုင်တပိုင်စခဲ့တာကနေ အခုတော့ ကျောက်မြောင်းမှာတင် ဆိုင်ခွဲ (၂) ဆိုင်ဖွင့်လှစ်ထားပါတယ်။ နောက်ထပ်လည်း ဆိုင်ခွဲထပ်ဖွင့်ဖို့အစီအစဉ်ရှိပြီး ကောင်းသထက်ကောင်းအောင်ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ ဒီဆိုင်မှာရနိုင်တာကတော့ ကြာဇံချက်၊ အသုပ်မျိုးစုံနဲ့ အထောင်းမျိုးစုံရနိုင်ပြီး ဈေးနှုန်းကတော့ တစ်ပွဲကို ထောင်ဂဏန်းဝန်းကျင်ခန့်သာ ကျသင့်တာဖြစ်ပါတယ်။

“ကြာဇံချက်ကတော့ တစ်ပွဲကို ၁၅၀၀ ပေါ့။ အသုပ်ကလည်း ကြက်သားနဲ့ပတ်သက်တာ၊ ငါးဖယ်နဲ့ပတ်သက်တာ အစုံရတယ်။ ရှောက်သီးသုပ်၊ ဆေးဘဲဥ စတဲ့အသုပ်မျိုးစုံလည်းရတယ်။ အထောင်းလေးတွေလည်းရတယ်။ ဈေးကတော့ ၁၅၀၀ ကနေ ၂၀၀၀ ကျော်လေးတွေပေါ့” လို့ ဆိုပါတယ်။

ဒေါ်ယုံကြာဇံချက် မြည်းစမ်းချင်သူတွေအတွက် လမ်းညွှန်

ဒီဆိုင်လေးကတော့ တာမွေ၊ ကျောက်မြောင်း၊ ကျောက်ရေတွင်းလမ်းမပေါ် သီတာလမ်းအနီးမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်က မနက် (၁၀) နာရီမှည (၈) နာရီအထိဖွင့်လှစ်ထားပါတယ်။ အွန်လိုင်းကတစ်ဆင့်လည်း အော်ဒါမှာယူနိုင်သလို ဖုန်းဆက်ပြီးတော့လည်း မှာယူနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရာသီဥတုအေးအေးလေးမှာ ပူပူစပ်စပ် ကြာဇံချက်လေးမြည်းစမ်းချင်သူတွေအတွက် ဒီဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်နော်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က