အိမ်မှာစားရသလို ခံစားရတဲ့အထိ လက်ရာကောင်းတဲ့ဆိုင်လေးပါ။

ရန်ကုန်ကိုလာတဲ့  ခရီးသွားဧည့်သည့်တွေ မြန်မာထမင်းဟင်းကောင်းကောင်းစားချင်တယ်ဆိုရင် အောင်သုခမြန်မာထမင်းဆိုင် လေးကို ညွှန်းတတ်ကြပါတယ်။  ငပိရည်တို့စရာ စုံစုံလင်လင်လေးနဲ့ ဟင်းပွဲ အစုံရတဲ့ အပြင် အရသာကလည်း ကိုယ့်အိမ်မှာ ပြန်စားရသလို ခံစားရစေတဲ့အထိ လက်ရာကောင်းတဲ့ မြန်မာထမင်းဆိုင်လေးဖြစ်ပါတယ်။



အောင်သုခမြန်မာထမင်းဆိုင်ရဲ့ ဘဝအစ

ပျော်ဘွယ်မြို့နယ် ကုန်းသာရွာဇာတိက ဦးအောင်မြင့်နဲ့ ဒေါ်သုခတို့ ဇနီးမောင်နှံ နှစ်ဦးဟာ လွန်ခဲ့တဲ့ နှစ် (၄၀) ဝန်းကျင် (၁၉၈၁) ခုနှစ်က ရန်ကုန်မြို့ကို တက်လာပြီး ကုန်စုံဆိုင်လေး စတင်ဖွင့်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ဖွင့်တဲ့ကုန်စုံဆိုင်လေးက အဝေးပြေးကားသမားတွေစုစည်းရာနေရာဖြစ်တာကြောင့်ထမင်းဆိုင်လေး ဖွင့်ဖို့ အကြံပေးခဲ့ရာကနေ မနက်ခင်းထမင်းကြော်ဆိုင်လေး စတင်ဖွင့်လှစ်ခဲ့ပါတယ်။

“ လက်ရှိဖွင့်နေတဲ့ ဆိုင်ရဲ့ ကားလမ်းနံဘေးမှာ မနက်ခင်းထမင်းကြော်လေးကို အရီးနဲ့ ဦးလေးက စရောင်းတာ။ အဲဒီတုန်းက ကားသမားတွေက အရီးရဲ့ လက်ရာ က အရမ်းကောင်းတာပဲ ထမင်းဆိုင်လေးဖွင့်ဖို့ ပြောရင်းကနေ ဒီလိုလေးဖြစ်လာတာပါ ’’ လို့ လက်ရှိဆိုင်ကို ဦးစားနေတဲ့ တူမဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ဆိုပါတယ်။

လမ်းဘေးဆိုင်ကနေ ဆိုင်ခန်းလေးနဲ့ စဖြစ်လာ

အရီးဒေါ်သုခက ဟင်းချက်လက်ရာ အရမ်းကောင်းတာကြောင့် အဲဒီခေတ်တုန်းက ကားပွဲစားသမားတွေက ဘယ်နေရာရောက်ရောက် ဒီဆိုင်လေးမှာပဲ ဝင်စားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်  ဒီဆိုင်မှာအမြဲ စားနေတဲ့ ကားဝပ်ရှော့ပိုင်ရှင်တစ်ဦးကနေ ဆိုင်ခန်းလေးဌားဖို့ အရင်းအနှီးစထုတ်ပေးခဲ့ပြီး ဆိုင်ခန်းလေးနဲ့ ဖွင့်ဖို့လည်း အကြံပေးခဲ့တာကြောင့် အခုလက်ရှိဖွင့်နေတဲ့ ဆိုင်လေးကို နေရာဌားပြီး စဖွင့်ခဲ့တယ်လို့ သိရပါတယ်။ အခုတော့ နယ်ပေါင်းစုံက ဧည့်သည်တွေ ရန်ကုန်ကိုလာတိုင်း အောင်သုခထမင်းဆိုင်လေးကို ဝင်စားကြတဲ့အထိ ကျော်ကြားခဲ့တဲ့ ဆိုင်လေးဖြစ်လာပါတယ်။

(၁၉၉၁) ခုနှစ်မှာ ဒီဘက်ဆိုင်ကိုရောက်လာတယ်။ အဲဒီတုန်းက ဆိုင်အမိုးနိမ့်နိမ့်လေးနဲ့ ထမင်းဆိုင်သေးသေးလေးပေါ့။  ကားဝပ်ရှော့ပိုင်ရှင်က အရီးတို့ဆိုင်ကို အမြဲအားပေးတယ်။ သူ့အပေါင်းအသင်းတွေလည်း ခေါ်ခေါ်လာတယ်။ နောက်တော့ ဆိုင်ဖွင့်ဖို့ သူပဲ အရင်းအနှီးစထုတ်ပေးခဲ့တယ်။’’ လို့ ဆိုပါတယ်။
မြေကွက်တွေဝယ်ပြီး ဆိုင်ကြီးအဖြစ်တိုးချဲ့နိုင်ခဲ့

ဝါသနာနဲ့ စေတနာရဲ့ အရင်းခံတာကြောင့် ဒီထမင်းကြော်ဆိုင်လေးက အောင်မြင်သထက် အောင်မြင်ခဲ့ပါတယ်။ ဆိုင်ခန်းငှားခဲ့တဲ့ နေရာကို သိန်း (၃,၀၀၀) နဲ့ ဝယ်ယူနိုင်ခဲ့ပြီး နောက်ထပ်ကျန်ရှိနေတဲ့ မြေတစ်ခြမ်းကိုပါ ဆက်လက်ဝယ်ယူနိုင်ခဲ့ပြီး မြေနရာကျယ်ကျယ်ဝန်းဝန်းနဲ့ ထမင်းဆိုင်ကြီး တစ်ခုဖြစ်လာပါတယ်။

ဟင်းချက်ကောင်းတဲ့အရီးက တူမတွေကိုလက်ဆင့်ကမ်း

သူတို့ ဇနီးမောင်နှံနှစ်ဦးမှာ သားတစ်ဦးသာရှိတာကြောင့် ဟင်းချက်ပညာကို တူမဖြစ်သူတွေလက်ဆင့်ကမ်းခဲ့ပြီး လက်ရှိ ဆိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးက ရွာက ဆွေမျိုးတွေကိုသာ ခန့်ထားတယ်လို့ဆိုပါတယ်။ အရီးဒေါ်သုခနဲ့ ဦးလေးဦးအောင်မြင့်တို့ စခဲ့တဲ့ ထမင်းကြော်ဆိုင်လေးက အခုတော့ ဆွေမျိုး၊ မောင်နှမတွေကို အလုပ်အကိုင်ပေးနိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။

“ လက်ရှိ အရီးရဲ့ သားက ဦးစီးလုပ်ကိုင်ပေးတယ်။ ဟင်းချက်လက်ရာကိုတော့ အရီးကတစ်ဆင့် တူမတွေကို သင်ပေးတယ်။ တူမတွေက တစ်ဆင့် မြေးတွေကို လက်ဆင့်ကမ်းတာပေါ့။ အရီးချက်တုန်းက အချိုးအစားအတိုင်းပဲချက်တယ်။ ဒီဆိုင်မှာ ဝန်ထမ်းပေါင်း (၆၀) ကျော်ရှိတယ်။ အရီးက အခု (၈၇) နှစ်ရှိပြီ။ သူကိုယ်တိုင် မလုပ်နိုင်တော့ပေမယ့် ဘယ်ဟင်းက ပေါ့တယ်။ ငန်တယ်။ ဆီများတယ် ပြောပေးနေတုန်းပဲ” လို့ တူမဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ဆိုပါတယ်။

အောင်သုခဆိုတဲ့ အမည်ဘာကြောင့်တွင်

စားသုံးသူတွေက ပဲ ဒီနာမည်ကိုပေးခဲ့တာလို့ ဆိုပါတယ်။ လမ်းကြားထဲကဆိုင်လေးလိုပဲ ညွှန်းနေရတာကြောင့် အရီးနဲ့ ဦးလေး တို့ရဲ့ အမည်ကို အစွဲပြုပြီး အောင်သုခလို့ အမည်ပေးခဲ့တာပါ။

“ ဆိုင်က နာမည်မရှိတော့ အဘရယ် ဒီလိုလေးတော့ ပေးခဲ့ပါဆိုပြီး ပြောတယ်။ အောင်သုခဆိုတော့ ကိုးနဝင်းလဲ ကျေတယ်ဆိုပြီး ပေးခဲ့ကြတာ။ အောင်သုခဆိုတဲ့ နာမည်လေးကလည်း အဓိပွာယ်အရမ်းကောင်းတယ်” လို့ ဆိုပါတယ်။

ဟင်းအမျိုးပေါင်း (၆၀) ကျော်ရတဲ့ ဆိုင်လေး

ဒီဆိုင်မှာ မြန်မာဟင်းနဲ့ ပတ်သက်ရင် အသားဟင်း၊ ငါးဟင်း၊ အသီးအရွက်စုံကြော် တို့အပါအဝင် ဟင်းအမျိုးအစားပေါင်း (၆၀) ကျော်လောက်ရပြီး တစ်နေ့ကို ဆန် (၃) အိတ်လောက်ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းရဲ့ လက်ရာတွေကလည်း တကယ်ကို အကြိုက်တွေ့စရာပါ။ ဒါ့အပြင် မြန်မာထမင်းဟင်းစားတဲ့အခါ အဓိကအသက်ဖြစ်တဲ့ ငါးပိရည်ကျိုကိုလည်း အရသာကောင်းမွန်အောင် သေချာလေး ချက်ပြုတ်ပြင်ဆင်တယ်လို့ ဆိုပါတယ်။ ငါးပိရည်တို့စရာအစုံအလင်၊ အရည်သောက်ကျဲကျဲလေးနဲ့ ဆီပြန်ဟင်းတွေက မြန်မာထမင်းဟင်းကြိုက်သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ဆိုင်လေးပါ။

အောင်သုခထမင်းဆိုင်မှာ သွားစားချင်သူတွေအတွက်

ဆိုင်လိပ်စာကတော့ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်၊ (၁)လမ်း အိမ်နံပါတ် (၁၇,က) ဖြစ်ပါတယ်။ မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ဖွင့်လှစ်ထားပြီး ချိုင့်ဆွဲစားလိုသူတွေအတွက်လည်း အော်ဒါကောက်ပေးတယ်လို့ သိရပါတယ်။ မြန်မာထမင်းဟင်းကောင်းကောင်းစားချင်တဲ့သူတွေကတော့ အောင်သုခထမင်းဆိုင်မှာ တစ်ခါလောက်တော့ စားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က