တနင်္ဂနွေညရဲ့ ပွဲကြီးပွဲကောင်းဖြစ်လာမယ့် လန်ဒန်ဒါဘီအတွက် နူနိုဆန်တိုက ယုံကြည်ချက်အပြည့်ရှိနေပါပြီ။

စပါးနည်းပြ နူနိုဆန်တိုက ဒီနေည (၁၀) နာရီမှာ ကစားမယ့် အာဆင်နယ်နဲ့စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်အတွက် ပြိုင်ဘက်အာဆင်နယ်ကို သတိပေးစကားပြောကြားသွားခဲ့ပါတယ်။ စပါးဟာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်စ်မှာ (၂၀၁၀) နောက်ပိုင်း အနိုင်မရဖူးသေးတဲ့စံချိန်ကို ချိုးဖြတ်နိုင်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ စပါးနည်းပြ နူနိုဆန်တိုက “ဒါက တခြားသာမန်ပွဲတစ်ပွဲမဟုတ်ပါဘူး။ စပါယ်ရှယ်ပွဲတစ်ပွဲပါ။ ကျွန်တော်တို့အတွက်ရော၊ ကျွန်တော်တို့ ပရိသတ်တွေအတွက်ရောပေါ့။ ခက်ခဲကြမ်းတမ်းတဲ့ ပွဲတစ်ပွဲလည်းဖြစ်လာပါလိမ့်မယ်။ ဒါဘီပွဲပေါင်းများစွာ ကျွန်တော်နွှဲခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါက အသစ်အဆန်းလည်းဖြစ်တယ်၊ ခက်လည်းခက်ခဲမယ်၊ ပွဲကောင်းတစ်ပွဲလည်းဖြစ်လာပါလိမ့်မယ်”


“ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပုံစံကောင်းပြသနိုင်ဖို့၊ နိုင်ပွဲရဖို့ အရာအားလုံးကို ပေးဆပ်သွားမှာပါ။ ကောင်းကောင်းကစားနိုင်ပြီဆိုရင် အသင်းက ဟန်ချက်ညီသွားပါပြီ။ တိုးတက်ရမယ့်နေရာတွေရှိသေးတယ်ဆိုပေမယ့် အရင်ပွဲတွေကနေ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတွေ အများကြီးရှိပြီးသားပါ” လို့ အာဆင်နယ်ကို သတိပေးစကားပြောကြားလိုက်ပါတယ်။


စပါးဟာ ဒီပွဲမှာ သူတို့ရဲ့ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ လူးကပ်စ်မော်ရာ ပြန်လည်ပါဝင်လာဖို့ရှိပေမယ့် ဘာ့ချ်ဝင်းကတော့ ဒီပွဲကိုလွဲချော်ဖို့များနေပါတယ်။ ဘာ့ချ်ဝင်းဟာ ရာသီအစ စပါးရဲ့ ရလဒ်ကောင်းတွေအတွက် အဓိကအရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ဘယ်အချိန်မှာ ဒဏ်ရာကပြန်လည်သက်သာလာနိုင်မလဲ မသိသေးပါဘူး။


နူနိုဆန်တိုက “အခု ဒီပွဲမှာ ဘာ့ချ်ဝင်း ပါနိုင်မှာမဟုတ်ပါဘူး။ သူ့ဒဏ်ရာက အရမ်းနာကျင်နေပြီး ဒါနဲ့ပတ်သက်လို့ သူအသားကျဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် သူဒီအတိုင်းမနေပါဘူး။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေတုန်းပါ။ သူ့ဒဏ်ရာကိုလည်း ဂရုစိုက်နေတယ်ဆိုပေမယ့် လောလောဆယ် သူ့ကို အသုံးပြုလို့မရသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။


စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်၊ ချဲလ်ဆီးတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ (၃) ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒီအခြေအနေဆိုးတွေကနေ အမြန်ဆုံးပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် လန်ဒန်ဒါဘီမှာ ရလဒ်ကောင်းတစ်ခုကို မဖြစ်မနေဖော်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။ 

Share

က္က