မနေ့ညက ကစားခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဥ်မှာ ဝက်စ်ဟမ်းက ဖီအိုရင်တီးနားကို ၁-၂ ဂိုးနဲ့ အနိုင်ယူပြီး ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် (၁၉၈၀) ခုနှစ်နောက်ပိုင်း ပထမဆုံးအနေနဲ့ အဓိက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ဖီအိုရင်တီးနားက ဂိုးသမား တာရက်စီယာနို၊ ဒိုဒို၊ မီလန်ကိုဗစ်၊ ရာနီရီ၊ ဘီရာဂီ၊ ဘိုနာဗန်ကျူရာ၊ အမ်မရာဘတ်၊ မန်ဒရာဂိုရာတို့နဲ့အတူ တိုက်စစ်မှာ ဂွန်ဇာလက်ဇ်၊ ဂျိုဗစ်၊ ကူရာမီတို့ကို ပွဲထုတ် ခင်းကျင်းခဲ့ပါတယ်။ ဝက်စ်ဟမ်းကလည်း ဂိုးသမား အာရီယိုလာ၊ ကူဖယ်လ်၊ ဇူးမား၊ အဂူရက်၊ အီမာဆင်၊ ဆိုချက်ခ်၊ ဒကလန်ရိုက်စ်၊ ဘိုဝင်၊ ပါကွေတာ၊ ဘန်ရာမာ၊ အန်တိုနီယိုတို့ ပွဲထွက်ခဲ့ပါတယ်။
နှစ်သင်းကြား ခြေစွမ်းပိုင်းက ကြီးကြီးမားမား ကွာဟချက်မရှိခဲ့သလို ပွဲကလည်း ဟုန်နေတာမျိုး မရှိဘဲ သူ့အထိုက်အလျောက် ကြည့်ကောင်းခဲ့ပါတယ်။ ဖီအိုရင်တီးနားက အသာစီး ပိုကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးနဲ့တော့ ဝေးကွာခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဂျိုဗစ် တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် နစ်နာခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လက်ထိဘောကတစ်ဆင့် ဘန်ရာမာက ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘိုနာဗန်ကျူရာက ဖီအိုရင်တီးနားအတွက် ချေပဂိုးကို မြေထောက်ဘော ကန်ချက်နဲ့ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ် အပိုင်းအခြားတွေအထိ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။
အားလုံးက အချိန်ပို ဆက်ကစားရတော့မယ်လို့ ထင်နေချိန်မှာ ဘိုဝင်က လူကျွံထောင်ချောက်ကနေ လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်သွားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို အမှားအယွင်းမရှိ ကန်သွင်း ရယူပေးခဲ့ပါတယ်။ ဒီဆုဖလားကြောင့် ဝက်စ်ဟမ်းကတော့ ဒီရာသီမှာ ဆုဖလား လက်မဲ့မဖြစ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့ပြီး အာဆင်နယ်၊ ချဲလ်ဆီးတို့ ဖလားလက်မဲ့ဖြစ်နေချိန်မှာ ဥရောပဖလားအထိ တက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။