နှစ်နှစ်ဆက်တိုက်အဖြစ် ကြုံတွေ့ရတဲ့ လာနီညာ (La Niña) ရာသီဥတုဖြစ်စဥ် ဖြစ်ပေါ်နေပြီလို့ ဩစတြေးလျနိုင်ငံက ကြေညာလိုက်ပါတယ်။
လာနီညာ ရာသီဥတုဖြစ်စဥ်ကြောင့် ဩစတြေးလျမှာ ရေကြီးမှုတွေနဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်ပေါ်နိုင်တဲ့အန္တရာယ် ပိုမိုကြီးမားကြောင်း သိရပါတယ်။ ဩစတြေးလျမှာ ယမန်နှစ်ကလည်း လာနီညာဖြစ်စဥ်ကြောင့် ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာကြုံရတဲ့ မိုးရွာသွန်းမှုတွေ နိုင်ငံအနှံ့အပြား ဖြစ်ပေါ်ခဲ့ပါတယ်။
(Photo: AAP)
လာနီညာဖြစ်စဥ်ကြောင့် မတူညီတဲ့ ကမ္ဘာ့နေရာဒေသတွေမှာ သိသာထင်ရှားတဲ့ မိုးလေဝသ အပြောင်းအလဲများ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (World Meteorological Organization - WMO) ကတော့ လက်ရှိအချိန်အထိ လာနီညာ ရာသီဥတုဖြစ်စဥ် ဖြစ်ပေါ်နေပြီလို့ မကြေညာသေးပေမဲ့ ယခုနှစ်မှာလည်း ပြန်ဖြစ်လာနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။
ယခုနှစ် လာနီညာဖြစ်စဥ်ဟာ ယမန်နှစ်ကထက် အားလျော့နည်းနိုင်ကြောင်း ဩစတြေးလျမိုးလေဝသဌာန (Bureau of Meteorology - Bom) က ခန့်မှန်းထားပါတယ်။ "လာနီညာဖြစ်စဥ် အချိန်ခဏတာဖြစ်ပေါ်မယ်လို့ ယူဆရပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နွေရာသီအထိ သို့မဟုတ် ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီ အစောပိုင်းအထိ ဖြစ်နိုင်တယ်" လို့ Bom က ဆိုပါတယ်။
ထူးကဲတဲ့ ရာသီဥတုဖြစ်စဥ်တွေအဖြစ် အင်အားအဆင့်ပေါ်မူတည်ပြီး လာနီညာဖြစ်စဥ်က ပိုအေးတတ်ကာ အယ်လ်နီညိုဖြစ်စဥ်ကတော့ ပိုမိုပူနွေးတတ်ပါတယ်။ ပြင်းထန်တဲ့လေတိုက်ခတ်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာရဲ့ ပူနွေးတဲ့ရေမျက်နှာပြင်ကို တောင်အမေရိကမှ အင်ဒိုနီးရှားဘက်သို့ ဦးတည်သွားစဥ် လာနီညာဖြစ်စဥ် ဖြစ်ပေါ်လာပါတယ်။ ထိုနေရာမှာ ပိုအေးတဲ့ရေတွေက ရေမျက်နှာပြင်ပေါ်ကို တက်လာတယ်လို့ ဆိုပါတယ်။
(Photo: James Ross / AAP)
ဩစတြေးလျမှာ လာနီညာကြောင့် နေ့အချိန် ပိုအေးလာနိုင်ပြီး အပူလှိုင်းနဲ့ တောမီးလောင်မှု အန္တရာယ် လျော့ကျစေနိုင်ပါတယ်။ သို့သော် လာနီညာ ရာသီဥတုဖြစ်စဥ်ကြောင့် သာမန်အခြေအနေထက် ပိုမိုစွတ်စိုပြီး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေကို ပိုမိုအားကောင်းလာစေနိုင်ကြောင်း သိရပါတယ်။
လာနီညာကြောင့် ဩစတြေးလျရဲ့ Queensland ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုဖြစ်နိုင်ကြောင်း ယခုသီတင်းပတ်အတွင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း Forbes ၊ New South Wales တို့မှာ ရေကြီးမှုကြောင့် ရွှေ့ပြောင်းရမှုတွေ ကြုံတွေ့ရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
(Photo: EPA)
လတ်တလော South Australia ပြည်နယ်အတွင်း မိုးသည်းထန်မှုကြောင့် အစွန်းအဖျားနေရာမှာ လူငယ်မိသားစုတစ်ခု သောင်တင်နေခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နှစ် လာနီညာဖြစ်စဥ်အတွင်း ဩစတြေးလျမှာ ရေကြီးမှုကြောင့် လူဦးရေ ထောင်နဲ့ချီ နေရာရွှေ့ပြောင်းခဲ့ကြရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၂၀,၀၀၀ ရှိခဲ့ပါတယ်။
လာနီညာ ရာသီဥတုဖြစ်စဥ်ကြောင့် ကနေဒါနဲ့ အမေရိကန်မြောက်ပိုင်းမှာ မုန်တိုင်းများဖြစ်ပေါ်နိုင်တဲ့အန္တရာယ် မြင့်မားလာနိုင်ကြောင်းနဲ့ တခါတရံ ဆီးနှင်ထူထပ်စွာကျရောက်တဲ့ အခြေအနေဖြစ်ပေါ်နိုင်ကြောင်းလည်း သိရပါတယ်။ အလွန်အားကောင်းတဲ့ လာနီညာဖြစ်စဥ်က ဗြိတိန်နဲ့ ဥရောပမြောက်ပိုင်းမှာလည်း အလွန်စိုစွတ်တဲ့ ဆောင်းရာသီကို ကြုံတွေ့ရနိုင်ကြောင်း BBC သတင်းက ဖော်ပြပါတယ်။