ရန်ကုန်မှာလည်း အအေးဒဏ်ကို သိသိသာသာခံစားရနိုင်ပါတယ်။

ယခုနှစ် ဆောင်းရာသီဟာ လာနီညာ ရာသီဥတုဖြစ်တာကြောင့် အအေးဒဏ်ကို သိသိသာသာခံစားရပြီး ပုံမှန်အေးတဲ့ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာဆိုရင်လည်း မနှစ်ကထက် အအေးပိုနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းကအအေးဓာတ်ကို သိသိသာသာခံစားလာရပြီး လာနီညာရာသီဥတုကြောင့် အအေးဓာတ်ကို သိသိသာသာခံစားလာရတာဖြစ်တယ်လို့ သိရပါတယ်။ 

“ ဒီနှစ်ဆောင်းရာသီက လာနီညာဖြစ်နေတဲ့ အခြေအနေပါ။ လာနီညာ ဆောင်းရာသီလို့ပြောရမှာပေါ့။ လာနီညာရာသီဥတုဖြစ်တာကြောင့် မုန်တိုင်းတွေ ခဏခဏဖြစ်တာ၊ အအေးပိုတာဖြစ်နိုင်တယ်လို့လည်း ကျွန်တော်တို့မိုးဇလကထုတ်ပြန်ထားတာတွေရှိပါတယ်။ ရာသီဥတုကတော့ အေးလိုက်နွေးလိုက်ပေါ့။ ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာဆိုရင် အအေးဓာတ်ကို သိသိသာသာခံစားရသလိုပဲ ချင်းပြည်နယ်တို့ ရှမ်းပြည်နယ်တို့ဘက်ကမှာတော့ ပုံမှန်ထက်ကို အအေးပိုနိုင်တယ်” လို့ မိုးလေဝသနှင့်ဇလဗေသညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက Duwun ကိုပြောပါတယ်။ 

အအေးပိုတဲ့ ဒေသတွေမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို အထူးဂရုပြုနေထိုင်သင့်တယ်လို့လည်းဆိုပါတယ်။ 

လက်ရှိရာသီဥတုအခြေအနေက တစ်နိုင်ငံလုံးအအေးပိုနေတာမျိုးမဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်မှာဆို လက်ရှိအချိန်ထိအအေးဓာတ်ကို မခံစားရသေးဘူးလို့ သိရပါတယ်။ 

လေအေးရပ်ဝန်းအားကောင်းတဲ့ဒေသတွေမှာသာ အအေးဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်ဘက်က လေအေးရပ်ဝန်းတွေ တပြိုင်နက်တည်း မြန်မာနိုင်ငံထဲဝင်ရောက်လာရင်တော့ တစ်နိုင်ငံလုံး အေးနိုင်တယ်လို့ဆိုပါတယ်။

ဇန်နဝါရီလကတော့ ဆောင်းရာသီကာလရဲ့ အအေးဆုံးလဖြစ်နိုင်တယ်လို့ မိုးဇလမှသိရပါတယ်။


Share

က္က