တရုတ်နိုင်ငံမှာ လမ်းပင်မလျှောက်တတ်သေးပေမဲ့ ဆင်ခြေလျှောအတိုင်း နှင်းလျှောစီးတတ်နေတဲ့ ၁၁ လ သမီးလေးက အင်တာနက်မှာ နာမည်ကြီးနေပြီး လူတွေက ဝိုင်းချစ်နေကြပါတယ်။
Wang Yuji လို့ခေါ်တဲ့ ကလေးမလေးဟာ ဘေဂျင်းမြို့အနီးရှိ အပန်းဖြေစခန်းမှာ အသက်အငယ်ဆုံး နှင်းလျှောစီးသူလေး ဖြစ်ပါတယ်။ ထိုအပန်းဖြေစခန်းဟာ လာမယ့် လအနည်းငယ်အတွင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ့် နေရာလည်းဖြစ်ပါတယ်။ Yuji ကို မိဘတွေက ဘွတ်ဖိနပ်သေးသေးလေးတွေစီးထားတဲ့ ထိခိုက်မှုကနေ အကာအကွယ်ပေးတဲ့ ဝတ်စုံဝတ်ဆင်ပေးထားပါတယ်။
သူက နှင်းလျှောစီးဘုတ်ပြားပေါ်ရောက်တာနဲ့ သဘောကျနေတော့တာပဲ
မိဘတွေက သူမကို နှင်းလျှောစီးဘုတ်ပြားလေးပေါ်တင်ပေးပြီး လွှတ်ပေးလိုက်တဲ့အခါ Yuji က နှင်းလျှောစီးလမ်းကြောင်းအတိုင်း ချောမွေ့စွာ လျှောဆင်းသွားပြီး တခစ်ခစ်ရယ်မောရင်း သူမရဲ့လက်သေးသေးလေတွေကို လှုပ်ရမ်းလို့နေပါတယ်။ Yuji ဟာ နှင်းလျှောစစီးသူ အများအပြားကဲ့သို့ တည့်တည့်မတ်မတ် လျှောစီးနိုင်ရန် ရုန်းကန်ကြိုးပမ်းနေရတာမျိုး မဟုတ်ဘဲ သူ့အလိုလို သဘာဝအလျောက် နှင်းလျှောစီးတတ်နေတယ်လို့ သူမရဲ့မိဘတွေက ဆိုပါတယ်။
"ကျွန်မတို့ သူ့ကို ဖိနပ်စီးပေးလိုက်ပြီးတော့ သူ့ဟာသူ မတ်တပ်ရပ်နေနိုင်တာ သိလိုက်ရပါတယ်၊ အဲဒီနောက် သူ့ကို သိပ်ပြီးမတ်စောက်တာမျိုးမဟုတ်တဲ့ ဆင်ခြေလျှောတစ်ခုပေါ် ခေါ်သွားလိုက်ပြီး လွှတ်ပေးလိုက်တော့ သူက နှင်းလျှောစီးဘုတ်ပြားလေးပေါ်မှာ သူ့ဟာသူ ထိုင်သွားတာပဲ" လို့ Yuji ရဲ့မိခင် Fan Xueyin က AFP သတင်းဌာနကို ပြောပါတယ်။
Yuji ဟာ ပထမဆုံး နှင်းလျှောစီးရန် ကြိုးပမ်းခဲ့တာက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အကြာမှာ မိသားစု အားလပ်ရက်ခရီးထွက်စဥ်တုန်းမှသာ ဖြစ်တယ်လို့ဆိုပါတယ်။ ထိုနောက်ပိုင်းမှာ Yuji လေးက ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပပြုလုပ်မယ့် မြို့တွေအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ Zhangjiakou မြို့ Chongli ခရိုင်ရှိ Thaiwoo Ski Resort အပန်းဖြေစခန်းမှာ ဆောင်းရာသီ အားကစားပရိသတ်တွေနဲ့အတူ မနက်တိုင်း နှင်းလျှောစီးလေ့ရှိပါတယ်။
"တစ်ကယ်လို့ သူက ကြောက်နေမယ် ဒါမှမဟုတ် မစီးချင်ဘူးဆိုရင် ကျွန်မတို့ သူ့ကို နှင်းလျှောစီးဖို့ လုပ်မှာမဟုတ်ပါဘူး" လို့ Yuji ရဲ့မိခင် Fan က ပြောပါတယ်။ "ဒါပေမဲ့ သူက နှင်းလျှောစီးဘုတ်ပြားပေါ်ရောက်တာနဲ့ သဘောကျနေတော့တာပဲ၊ ဒါကြောင့်လည်း သူ လုံးဝ မကြောက်ဘဲ ပျော်နေတယ်လို့ ကျွန်မတို့ ပြောနိုင်တာပေါ့" လို့ မိခင်က ဖြည့်စွက်ပြောခဲ့ပါတယ်။
တစ်ကယ်လို့ သူက ကြောက်နေမယ် ဒါမှမဟုတ် မစီးချင်ဘူးဆိုရင် ကျွန်မတို့ သူ့ကို နှင်းလျှောစီးဖို့ လုပ်မှာမဟုတ်ပါဘူး
Yuji လေးဟာ နှင်းလျှောစီးတဲ့ သူမရဲ့လမ်းကြောင်းဦးတည်ရာကို ထိန်းသိမ်းရန် အလွန်ငယ်နေသေးရာ အနီးအနားရှိ မိဘတစ်ဦးက ဝင်တိုက်နိုင်တဲ့အရာတစ်ခုခုဆီသို့ ဦးတည်သွားပါက လှမ်းဆွဲရန် အမြဲအသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ Yuji ရဲ့ဖခင်ကတော့ သမီးလေးရဲ့ စွမ်းရည်ကိုသိရပြီးနောက် သူကိုယ်တိုင် ပရော်ဖက်ရှင်နယ် နှင်းလျှောစီးနည်းပြတစ်ဦးဖြစ်ရန် လေ့လာသင်ယူသွားပြီး သမီးဖြစ်သူ ကြီးပြင်းလာချိန်မှာ ပြန်သင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Yuji ဟာ နှင်းလျှောစီးဘုတ်ပြားပေါ်မှာ မဟုတ်တဲ့အခါ နှင်းတွေထဲမှာ လေးဘက်ထောက်သွားပြီးနောက် ကိုယ်တိုင် မတ်တပ်ရပ်နိုင်ရန် စမ်းနေတယ်လို့ ဆိုပါတယ်။ အရွယ်နဲ့မလိုက်တဲ့ ပါရမီရှင်မလေး Yuli ကို ဘေဘီလို့ ချစ်စနိုးဖြင့် ခေါ်ဝေါ်ကြပြီး အင်တာနက်မှာ ပရိသတ်တွေများစွာရှိနေပါတယ်။ Yuji နှင်းလျှောစီးတဲ့ ဗီဒီယိုတွေကို တရုတ်ဆိုရှယ်မီဒီယာမှာ ကြည့်ရှုမှု သန်းနဲ့ချီ ရှိပါတယ်။ အပန်းဖြေစခန်းမှာ Yuji နဲ့ ဆုံကြသူတွေက သူ့ကို ချက်ချင်းသိရှိကြပြီး အတူတကွ အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။
"သူက အရမ်းကို ပင်ကိုယ်စွမ်းရည်ရှိတယ်၊ အနာဂတ်မှာ ဆောင်းရာသီအိုလံပစ် ဝင်ပြိုင်နိုင်တဲ့သူ ဖြစ်လာနိုင်တယ်လို့ လူအများကြီးက မှတ်ချက်ပေးကြတယ်၊ ကျွန်မလည်း အမှန်တစ်ကယ် ဒါကို တွေးမိပါတယ်" လို့ Fan က ပြောပါတယ်။ "နိုင်ငံ့ဂုဏ်ဆောင်ဖြစ်မယ်ဆိုရင် သူ့အတွက် ကောင်းမှာပါ၊ ဒါပေမဲ့ သူက အရမ်းကို ငယ်ပါသေးတယ်၊ အနာဂတ်မှာ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေကို ကျွန်မတို့ လေးစားသွားမှာပါ" လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
Share