ကွာတားဖိုင်နယ် ဒု-ကျော့ကို ကစားရတော့မှာပါ။

ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ကစားရမယ့်ပွဲဟာ ပြိုင်ဘက်ရဲ့ ရလဒ်ဆိုးတွေကို အလှည့်အပြောင်းလုပ်ဖို့ အခွင့်အရေးဖြစ်တာကြောင့် သတိထားရမယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြကြီး ကားလို့စ်အန်ဆယ်လော့တီက ပြောဆိုလိုက်ပါတယ်။ ပထမအကျော့ ရီးရဲလ်ကွင်းမှာတုန်းက ၂-၀ နဲ့ ချဲလ်ဆီးတို့ အရေးနိမ့်ခဲ့တာပါ။ 

ချဲလ်ဆီးဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေဆိုးရွားနေပြီး နည်းပြသစ်ဖရန့်လမ်းပတ်လက်ထက်မှာ တပွဲမှမနိုင်ထားဘဲ အခြေအနေတွေက ဆိုးရွားနေကာ အသင်းပိုင်ရှင် တော့ဒ်ဘိုလေကလည်း ကစားသမားတွေကို ဆူပူကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 


ဒါပေမယ့် အန်ဆယ်လော့တီကတော့ "ချဲလ်ဆီးက ခက်ခဲတဲ့အခိုက်အတန့်ကို ရောက်နေတယ်၊ သူတို့နဲ့ ကစားရမယ့် ပွဲက လက်ရှိအခြေအနေတွေကနေ သူတို့ ရှေ့ကိုဆက်နိုင်ဖို့ အခွင့်အရးတခုဖြစ်နေပါတယ်၊ ဒါကို ကျနော်တို့ သတိထားရပါမယ်၊ အကောင်းဆုံးဖြစ်လာအောင် ကျနော်တို့ကစားရပါလိမ့်မယ်၊ မိနစ် ၉၀ ကျန်နေသေးပြီး ဒီလိုပြိုင်ပွဲမျိုးမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်"

"အကောင်းဆုံးဖြစ်အောင်ကစားဖို့တော့ အသင့်ပါပဲ၊ ဒီပွဲကို လွယ်လွယ်လေးလို့ ကျနော်တို့ မတွေးထားပါဘူး၊ ဒီပြိုင်ပွဲအကြောင်း ကျနော်တို့ကောင်းကောင်းသိထားပြီး ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ သူတို့နဲ့ ကစားခဲ့ရတာ အခက်ဆုံးပါပဲ၊ မနက်ဖြန်ကို အခက်အခဲမရှိဖို့ မျှော်လင့်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ချဲလ်ဆီးကတော့ ဒီပွဲကို ဖောင်ဖျက်ကစားရမှာဖြစ်ပြီး ၂-၀ န​ဲ့ ပထမအကျော့အရေးနိမ့်ထားမှုကို ချေဖျက်ဖို့အတွက် အနည်းဆုံး ၂ ဂိုးပြတ်အနိုင်ရထားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က